ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှာ KIA၊ PDF တွေကို အပြတ်ရှင်းဖို့အတွက်ဆိုပြီး စစ်ကောင်စီက စည်းရုံးကာ အသက် ၆၀-၇၀ အရွယ် အသက်ကြီးသူတွေကို ပြည်သူ့စစ်သင်တန်းတက်ခိုင်းနေတယ်လို့ ပူတာအိုဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်အခြေစိုက် ဌာနေပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်တွေဟာ ပြည်သူ့စစ်သင်တန်းဖွင့်လှစ်ဖို့ ပူတာအိုမြို့နယ်၊ နောင်မွန်မြို့နယ်နဲ့ ခေါင်လန်ဖူးမြို့နယ်တို့မှာ တစ်ရွာ၀င်တစ်ရွာထွက် သင်တန်းသားသစ်စုဆောင်းနေကြပြီး သင်တန်းတက်ရောက်သူမရှိတဲ့အဆုံး ခုလို သက်ကြီးပိုင်းတွေကို ဦးတည်ကာ ပြည်သူ့စစ်သင်တန်း တက်ရောက်စေတာဖြစ်ကြောင်း သိရပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင်များက ပူတာအိုခရိုင် ၃မြို့နယ်မှာ တစ်ပြိုင်တည်း တစ်ရက်တည်းမှာ ပြည်သူ့သင်တန်းဖွင့်လှစ်ရန် စည်းရုံးခဲ့ပေမဲ့ သင်တန်းတက်ရောက်မရှိတဲ့အတွက် ပူတာအိုမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်တို့မှာ သင်တန်းရက်ကို ရွေးဆိုင်းထားရတယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်တွေက အသက်၆၀-၇၀ အရွယ် လူကြီးတွေကို ခုလိုပြည်သူ့စစ်သင်တန်းတက်ဖို့ စည်းရုံးကာ စစ်သင်တန်းတက်ခိုင်းတာက အသိဉာဏ်မရှိလို့ ဖြစ်တယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရ၀မ်လူမျိုး တိုင်းရင်းသားရေးရာ၀န်ကြီးအဖြစ်ရွေးချယ်ခံရသူ ဦးဂျန်းဂျော်ရမ်ကလည်း "အသက်၆၀-၇၀ ကျော်လူကြီးတွေကို စစ်သင်တန်းတက်စေတာက နိုင်ငံတကာ စစ်ဥပဒေနဲ့မညီပါဘူး ဒါကြောင့် ဒီလုပ်ရပ်အား အပြင်းထန် ကန့်ကွက်ရှုတ်ချတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။
ဒေသခံအမျိုးသမီးတစ်ဦးက "ကျမ အဖေရဲ့မိတ်ဆွေတစ်ယောက်ဆို အဖေနဲ့ရွယ်တူ အသက် ၈၀ လောက်ရှိပြီ ဒီလိုအရွယ်ကို ပြည်သူ့စစ်သင်တန်းတက်စေခဲ့တဲ့သူတွေကို ဘယ်လိုမှ နားမလည်တော့ဘူးလို့" ဆိုပါတယ်။
ခုလို သက်ကြီးရွယ်အိုတွေကို စစ်ကောင်စီက ပြည်သူ့စစ်သင်တန်း တက်ခိုင်းစေတဲ့ ကိစ္စအပေါ် ပူတာအိုဒေသခံ ပြည်သူတွေကလည်း ၀မ်းနည်းကြောင်းသူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အသီးသီး ရေးသားနေကြပါတယ်။
ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတို့နဲ့ ပူးပေါင်းကာ မူးယစ်ဆေးဝါးအရောင်းအ၀ယ်ပြုလုပ်သူတွေ ရပ်တန့်ဖို့ ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ သတိပေးစာထုတ်ပြန်လိုက်ပါတယ်။
ပူတာအိုဒေသအတွင်း စစ်ကောင်စီနဲ့ပူးပေါင်းကာ မူးယစ်ဆေး ရောင်း၀ယ်ဖောက်ကားသူတွေနဲ့ ကုန်းလမ်းကနေ အောက်ပိုင်းမှ တင်ဆောင်လာတဲ့ မော်တော်ယဥ်တွေကို ထိရောက်စွာ စစ်ဆေးအရေးယူသွားမယ်လို့ ပူတာအို PDF တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
"ပူတာအိုဒေသမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးသုံးစွဲသူ ပိုမိုများပြားလာကာ ပြည်သူများရဲ့ သတင်းပေးပို့ချက်အရ မြို့တွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူများရဲ့ စာရင်းကိုလည်း လက်ခံရရှိထားတယ်။”
ပူတာအိုခရိုင်မှာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြတဲ့ လူငယ် ၇ ဦးလောက် ထောင်ချအရေးယူခံထားရသလို မတရားဖမ်းဆီးခံရတဲ့ လူငယ် ၂ ဦးလည်း ခုချိန်ထိ မလွတ်မြောက်သေးဘူးလို့ သိရပါတယ်။