close

ပူတာအိုရေခဲတောင်

close

July 15, 2022

ပူတာအိုရေခဲတောင်တွင် ရှီးပတီးအထွက်နည်းသဖြင့် ရှာဖွေသူဒေသခံများ အခက်ကြုံ

ကချင်ပြည်နယ်အတွင်းက ‌ပူတာအိုရေ‌ခဲတောင်ထွက် ဆေးမြစ် ရှီးပတီး အထွက်နှုန်းနည်းပြီး ဈေးကောင်းမရတာကြောင့် ရေခဲ‌တောင်တက် ရှီးပတီး‌ရှာဖွေတဲ့ ပူတာအိုဒေသခံတွေ အခက်အခဲ ကြုံနေကြပါတယ်။

ရှီးပတီး အရောင်းအဝယ် ကိုယ်စားလှယ်တွေနဲ့ လောပန်းတချို့က အရောင်လှတဲ့ ရှီးပတီး‌တွေကိုသာ ဈေးကောင်းပေးဝယ်နေကြတယ်လို့ ပူတာအိုမြို့ခံတဦးက ပြောပါတယ်။

“ရှီးပတီး စျေးကောင်းကောင်းရတယ် ပြောကြတယ်။ တကယ်တော့ မဟုတ်ဘူး။ အရောင်လှတဲ့ အ​ကောင်တွေပဲ စျေးတင်ရောင်းဝယ်နေကြတာဖြစ်တယ်။ ရေခဲတောင်တက်တဲ့ ၈၀ ရာခိုင်နှုန်းသောအဖွဲ့တွေက ရှီးပတီးလည်း မရတဲ့အပြင် ၁ ဦး ၁ ကျပ်သား၊ ၂ ကျပ်သား လောက်သာ ရရှိခဲ့ကြပေမဲ့ အ​ကောင်ရော၊ အ​ရောင်ရော မလှဘူးဆိုပြီး မဝယ်ပေးကြဘူး။ စျေးလည်း မ​ပေးချင်ကြပါဘူး။”

ပူတာအိုရေခဲတောင်တွေမှာ ခါတိုင်းနှစ်တွေက ရှီးပတီးပေါက်တဲ့မှော်တွေ အများအပြား ရှိခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်အတွင်း မှော် ၂ ခုမှာသာ ပေါက်နေတယ်လို့ ရေခဲတောင်ကို ရှီးပတီးရှာဖွေပြီး ပြန်လာသူတယောက်ကလည်း ပြောပါတယ်။

“မှော် ၂ ခုမှာပဲ ဒီနှစ်က ရှီးပတီးပေါက်တယ်။ မတူတဲ့မှော်နှစ်ခုထဲက ထွက်တဲ့ ရှီးပတီး အရောင်တွေကလည်း မတူကြဘူး။ ခု ပူတာအိုရှီးပတီး ဈေးမြင့်တက်နေတယ်ဆိုတာ ရွှေရောင်ထွက်တဲ့ မှော်ဘက်က ရှီးပတီးတွေကို ပြောတာ။ တကယ်တော့ အရောင်မတူပေမဲ့ အကျိုးအာနိသင်က အတူတူဖြစ်တယ်။”

၂၀၂၂ ခုနှစ် ပူတာအိုရေခဲတောင်ထွက် ရှီးပတီးဈေးကွက်ဟာ ခါးလန်ဒေသဘက်မှာရှိတဲ့ မှော်ဘက်ကို ရှာဖွေတဲ့သူတွေတချို့ပဲ နည်းနည်းပါးပါး‌ ရောင်းနိုင်ခဲ့တာဖြစ်ပြီး မဒွယ်တောင်တလျှောက်ရှိ မှော်တချို့ဘက် သွားရောက်ရှာဖွေတဲ့ အဖွဲ့တိုင်းက ရှာဖွေရေးစရိတ်တောင် မကာမိဘူးလို့ ရှီးပတီးရှာဖွေသူတယောက်က ပြောပါတယ်။

ရှီးပတီးအရောင်ဟာ မတူပေမဲ့ အကျိုးအာနိသင်က အတူတူဖြစ်လို့ အရောင်းအဝယ် ပြုလုပ်သူတွေအနေနဲ့ အ‌ရောင်မခွဲခြားဘဲ တန်းတူဈေးပေးကာ အရောင်းအဝယ် ပြုလုပ်စေချင်တယ်လို့ ပူတာအိုမှာ လူမှုကူညီရေးလုပ်ငန်း လုပ်ကိုင်နေသူတယောက်က ပြောပါတယ်။

“ဆေးကောင် ရှီးပတီးတွေက အကျိုးအာနိသင်တူသလိုပဲ ရေခဲတောင်တက်တဲ့သူတွေကလည်း အတူတူ ပင်ပန်းပါတယ်။ ခု ပူတာအိုမှာ ကြုံရတာက ရွှေရောင်ထွက်တဲ့ ရှီးပတီးကပဲ အကျိုးရှိသလိုလို တဖက်သတ်ကြီး သတ်မှတ် ဈေးတင်ပြီး အရောင်းအဝယ် လုပ်နေကြတယ်။ စီးပွားရေးသမားတွေအနေနဲ့ ခုလို နိုင်ငံအခက်ခဲရှိတဲ့အချိန်မှာ ဘက်လိုက်မှုကင်းကင်းနဲ့ စီးပွားရေးလုပ်စေချင်တယ်။”

ပူတာအိုဒေသခံ ပြည်သူတွေက မေလနဲ့ ဇူလိုင်လကြားမှာ ရေခဲတောင်တက် ရှီးပတီးရှာဖွေကာ မိသားစုဝင်ငွေ ရှာဖွေနေကြတာဖြစ်ပြီး အခုနှစ် ဈေးကွက်ကျဆင်းနေလို့ ‌မိသားစုရပ်တည်ရေးအတွက် အခက်တွေ့နေကြပါတယ်။

ပူတာအိုဒေသထွက် ရှီးပတီးဈေးကွက်အနေနဲ့ တရုတ်ပြည်ဘက်ကို တချို့က ရောင်းဝယ်နေကြသလို တချို့က မြန်မာပြည်တွင်းမှာ ရောင်းဝယ်နေကြပါတယ်။ ရှီးပတီးဈေးကွက်‌ ရောင်းအားကောင်းနေချိန်မှာ တကောင်ကို ၁ သောင်းကျော်ထိ ရောင်းရတယ်လို့ သိရပါတယ်။

3 mins Ago

March 29, 2021

ပူတာအိုရေခဲတောင်က နွေဦးတော်လှန်ရေး

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုရေခဲတောင်ဒေသအထိ ပြည်သူတွေက သွားရောက်ပြီး    စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့   နွေဦးတော်လှန်ရေးကို ကမ္ဘာသိအောင် ပြုလုပ်ခဲ့ ကြပါတယ်။

PHOTO- ဆန်လုရမ်ဆိန်း

1 year Ago
Up