close

ပူတာအိုအကျဉ်းထောင်

close

November 18, 2022

ပူတာအိုအကျဥ်းထောင်မှ ရဲပြေးနှင့် ခြေချုပ် ၃ ဦးသာ လွတ်မြောက်

စစ်ကောင်စီက နိုင်ငံတဝန်းအကျဉ်းထောင်တွေကနေ အကျဉ်းသား ၅၇၀၀ ကျော် ပြန်လွှတ်ပေးရာမှာ ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နမ်ဟော့အကျဥ်းထောင်ကနေ နိုဝင်ဘာ ၁၇ ရက်က နိုင်ငံရေးအကျဉ်းသား ပြန်မလွှတ်ဘဲ  ရဲပြေးနဲ့ ခြေချုပ် ၃ ဦး လွတ်လာပါတယ်။

ပူတာအို နမ်ဟော့အကျဥ်းထောင်မှာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ပူတာအိုလူငယ် ၈ ဦး ထောင်ကျနေပေမဲ့ တယောက်မှ  မလွတ်လာဘူးလို့ ရှေ့နေနဲ့နီးစပ်သူက ပြောပါတယ်။

“မနေ့က လွတ်လာတဲ့သူတွေက ရဲပြေးနဲ့ ခြေချုပ်သမားတွေ ၃ ဦးပါ။ မတရားထောင်ချခံရတဲ့ ပူတာအိုလူငယ် တဦးမှမပါလို့ စိတ်မကောင်းဖြစ်ရတယ်။ ဖမ်းဆီးထောင်ချခံရတဲ့ လူငယ်တွေက ဘာပြစ်မှုမှ မလုပ်ထားတဲ့သူတွေလည်း ပါတယ်။ ဒါကို ထောင် ၂ နှစ်စီ ကျတယ်။”

ပူတာအိုအကျဥ်းထောင်မှာ ရဝမ်လူငယ်များအသင်း ဥက္ကဋ္ဌဖြစ်သူ ဦးဖုန်ရော့ဖီနန်က ထောင် ၁၀ နှစ်နဲ့ ကျန်သူတွေက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံရတဲ့လုပ်ရပ်ဟာ ပူတာအိုမှာ တိုက်ပွဲခေါ်တာဖြစ်တယ်လို့ လက်ရှိ ရှေ့တန်းမှာရောက်နေတဲ့ ပူတာအို ပြည်သူ့ကာကွယ်ရေး ရဲဘော်တဦးက မှတ်ချက်ပြုပါတယ်။

“ကျနော်တို့ ပူတာအိုမှာ ဒီနေ့ထိ ဘာအကြမ်းဖက်မှုမှ မဖြစ်သေးဘူး။ ခု ထောင်ကျတဲ့ လူငယ်တွေရဲ့ နောက်ခံကို ကြည့်လိုက်ရင် လူမှုရေးသမားတွေ ဖွံ့ဖြိုးရေးသမားတွေပဲ ဖြစ်နေတာပါ။ ခုလို ပူတာအိုလူငယ်ကို မတရားဖိနှိပ်တာက တိုက်ပွဲခေါ်တာ။ မိုက်ရိုင်းတဲ့ လုပ်ရပ် ဖြစ်ပါတယ်။”

ပူတာအို နမ်ဟော့အကျဥ်းထောင်မှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဖြုတ်ချရေး တက်ကြွလူငယ်တချို့နဲ့ လူမှုရေးသမား အပါအဝင် ပူတာအိုလူငယ် ၈ ဦး လက်ရှိအချိန်ထိ ထောင်ကျနေပါတယ်။

ပူတာအိုအကျဥ်းထောင်မှာ ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း အကျဥ်းဦးစီးဌာန ဒေသခံဝန်ထမ်း အယောက် ၃၀ လောက် အလုပ်ထွက်ထားတယ်လို့ သိရပါတယ်။

9 mins Ago

October 1, 2021

ပူတာအိုအကျဉ်းထောင်၀န်ထမ်း ၂၂ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

ကချင်ပြည်နယ်၊ ပူတာအို နမ်ဟော့အကျဉ်းထောင်မှာ အကျဉ်းဦးစီး၀န်ထမ်း ၂၅ ယောက်ကို စက်တင်ဘာ ၃၀ ရက်က ကိုဗစ်ရောဂါ ရှိ မရှိ စစ်ဆေးရာ ၂၂ ယောက်ကိုဗစ် positive ဖြစ်နေတယ်လို့ ပူတာအိုကျန်းမာရေးဌာနက သိရပါတယ်။  

ပူတာအိုကျန်းမာရေး၀န်ထမ်း အသိုင်းဝိုင်းနဲ့နီးစပ်သူ တစ်ဦးက "အကျဉ်းဦးစီး ၀န်ထမ်းတွေ ဖျားနာနေတယ်ဆိုလို့ ကိုဗစ်ကူးစက်ခံရ မခံရသွား စစ်ဆေး လိုက်တာ၊ ၀န်ထမ်း ၂၅ ဦးကို စစ်လိုက်‌တော့ ၂၂ ဦးမှာ positiveတွေ့တယ်။ အကျဉ်းထောင်တစ်ခုလုံး နီးပါး ကူးစက်ခံရတာလားဆိုတာ အမြန်ဆုံးစစ်ဆေးဖို့ လုပ်နေတယ်"လို့ ပြောပါတယ်။

ပူတာအိုအကျဉ်းထောင်မှာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြတဲ့ သပိတ်အဖွဲ့က ဖမ်းဆီးခံ လူငယ်တချို့နဲ့ နောင်မွန် ဓမ္မဆရာ ၃ ပါးတို့ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

ပူတာအိုမှာ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးအတွက် တစ်ဖက်တစ်လမ်းက ကြိုးစားနေကြတဲ့ ပရဟိတအသင်းအဖွဲ့တွေထဲက အသင်း၀င်တချို့ ကိုဗစ်ကူးစက်ခံနေရတဲ့အတွက် လုပ်ငန်းတာ၀န်တွေ ရပ်နားထားရပါတယ်။

1 year Ago
Up