close

ပူတာအို‌ဒေသခံလူငယ်

close

December 14, 2021

ပူတာအို‌ဒေသခံလူငယ် ၃၀ ခန့်ကို စစ်တပ်ကဖမ်းဆီး

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက အသည်းနှလုံးရေကန် အပန်း‌ဖြေနေရာမှာ ထိုင်နေတဲ့ ပူတာအိုဒေသခံ လူငယ် အယောက် ၃၀ လောက်ကို စစ်ကောင်စီတပ်က  ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပူတာအိုလူငယ်တစ်ဦးက "ဒီ‌ကန်ဘောင်(အသည်းနှလုံးရေကန်)က ပူတာအိုလူငယ်တွေ အပန်းဖြေတဲ့နေရာတစ်ခုပါ။ မနေ့ညတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေရောက်လာပြီး ကန်ဘောင်မှာ လာရောက်အပန်းဖြေတဲ့ လူငယ်တွေကို ဖမ်းဆီးခဲ့တာဖြစ်တယ်။” လို့ ပြောပါတယ်။

ဖမ်းဆီးခံ လူငယ်တချို့ကို ဒီဇင်ဘာ ၁၃ ရက်ညနေပိုင်းမှာ  ပြန်လွှတ်ပေးခဲ့ပြီး တချို့ကိုတော့  နယ်မြေခံ စစ်တပ် ၄၆ တပ်ရင်းမှာ ဆက်လက်ဖမ်းဆီးထားတယ်လို့လည်းဒေသခံက‌ ပြောပါတယ်။

လွတ်မြောက်လာတဲ့ လူငယ်တစ်ဦးကလည်း‌  “မနေ့ည ‌ကန်ဘောင်မှာ ထိုင်တုန်း စစ်သားတွေ လူဖမ်းနေတယ်လို့ ကြား ကြားချင်းပဲ တောဘက်ကို ပြေးခဲ့ကြတယ်။ တောမှာလည်း သူတို့စစ်သား‌တွေက နေရာယူပြီးဖြစ်လို့ မနေ့ညက အကုန်ဖမ်းဆီးခံခဲ့ရတယ်။  ကျနော်တို့ကိုတော့ စစ်သင်တန်းယူလား မေးပြီး မယူဘူးလို့ ပြောလိုက်တော့ ပြန်လွှတ်ပေးတယ်”  ပြောပါတယ်။

လူငယ်တွေကို နွားသူခိုးဖမ်းရင်းနဲ့ အကုန်ဖမ်းဆီးလိုက်တာဖြစ်ပြီး ပူတာအိုမြို့မှာ  ည ၁၀  နာရီကျော်တဲ့အထိ မူးနေတဲ့သူတွေကို ဖမ်းဆီးနေတာလို့  စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ဘက်ကပြောပါတယ်။

ပူတာအိုခရိုင်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က ပူတာအိုလူငယ်တွေကို  ဖမ်းဆီးဖို့အတွက် သတင်းပေးလုပ်တာ၊ လမ်းပြလုပ်တာအပြင် အသက်ကြီးပိုင်းကိုလည်း စစ်သင်တန်းတက်ဖို့ အဓမ္မ စေခိုင်းနေတာ ရှိတယ်လို့ သိရပါတယ်။

1 min Ago
Up