ကချင်ပြည်နယ် ပူတာအိုမြို့မှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ့် တောရိုင်းတိရစ္ဆာန်တွေနဲ့ ရှားပါး ငှက်မျိုးစိတ်တွေကို ဖမ်းဆီးသတ်ဖြတ် ရောင်းချနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အရင်ကတော့ တောရိုင်းတိရစ္ဆာန်တွေကို ပေါ်ပေါ်ထင်ထင် မရောင်းဘူး။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဈေးထဲမှာ ပေါ်ပေါ်ထင်ထင်ပဲ ရောင်းနေကြတာ။ ထိန်းသိမ်းကာကွယ်ရမယ့် သားငှက်တွေ လမ်းဘေးမှာ ထိုင်ရောင်းနေတယ်။ ဘယ်အဖွဲ့ အစည်းကမှလည်း ဥပဒေအရ အရေးယူတာတွေ ထိန်းသိမ်းစောင့်ရှောက်ဖို့ အသိပညာပေးတာတွေမရှိဘူး" လို့ ပူတာအို ဒေသခံတဦးက ပြောပါတယ်။
ပူတာအိုမြို့ မနက်ခင်းဈေးနဲ့ အနီးအနားတွေမှာ တောရိုင်းတိရစ္ဆာန်တွေနဲ့ ရှာပါးငှက်မျိုးစိတ်တွေ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြော်ငြာဘုတ်တွေစိုက်ထူထားပေမဲ့ လေယာဉ်ကွင်းဈေး မြို့မဈေးတွေမှာ ရှားပါးတိရစ္ဆာန်တွေနဲ့ ထိန်းသိမ်းစောင့်ရှောက်ရမယ့် ငှက်မျိုးစိတ်တွေကို ပေါ်ပေါ်ထင်ထင် သတ်ဖြတ်ရောင်းချနေတာပါ။
"ရှားပါး ငှက်မျိုးစိတ်တွေ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုပြီး သစ်တော ဌာနကနေ ဆိုင်းဘုတ်ကြီးကို လေယာဉ်ကွင်းဈေးနားမှာထောင်ထားတယ်။ ဈေးထဲမှာပဲ တောရိုင်းတိရစ္ဆာန်တွေကို သတ်ဖြတ်ရောင်းချနေတယ်။ နောက် မြို့မဈေးဆိုရင်လည်း အဲ့ဒီနားမှာ အစိုးရရုံးစိုက်တဲ့နေရာနဲ့ နီးနီးလေး၊ ပေါ်တင်ပဲ ရောင်းချနေတာ" လို့ ဒေသခံ အမျိုးသားတဦးက ပြောတယ်။
ပူတာအိုမြို့ မနက်ခင်းဈေးတွေမှာ ပြီးခဲ့တဲ့ မတ်လပိုင်းကစပြီး ရှားပါးတိရစ္ဆာန်တွေဖြစ်တဲ့ မျောက်မြှီးရှည်၊ တောင်ဆိတ်နီ၊ မျောက်လွဲကျော် နဲ့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ့် ဆောင်းခိုငှက်တွေ၊ ရှာပါးငှက်မျိုးစိတ်တွေ၊ ကြိုးကြာခေါင်းမဲ စတာတွေကို သတ်ဖြတ်ရောင်းချနေကြတာပါ။
"ခုနောက်ပိုင်းက သားငှက် သတ်ဖြတ်ရောင်းချတာတွေက အရင်ထက်ပိုဆိုးလာတယ်။ တောရိုင်း တိရစ္ဆာန်တွေနဲ့ သဘာဝပတ်ဝန်းကျင်က ပိုမိုဆိုးရွားထိခိုက်မှုတွေ ပိုများလာတယ်။ အဲဒီလို မဆင်မခြင် သတ်ဖြတ်မှုတွေလုပ်ပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုတွေ မလုပ်ရင် ဂေဟစနစ် မကြာခင်ပျက်စီးမှာပဲ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့လည်း အရေးယူတာ အသိပညာပေးတာတွေ အမြန်ဆုံးလုပ်သင့်တယ် "လို့ ပူတာအိုမြို့မှ သဘာဝပါတ်ဝန်းကျင်ချစ်မြတ်နိူးသူတဦးက ပြောပါတယ်။
ပူတာအိုမြို့နယ်မှာ ပါဝင်တဲ့ ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်းမှာ ငှက်မျိုးစိတ် ၃၇၀ မျိုး၊ လိပ်ပြာမျိုးစိတ် ၃၆၀ မျိုး ၊ ကုန်းနေရေနေ သတ္တဝါ ၈၂ မျိုး ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ်၊ ပူတာအိုဒေသထွက်၊ ဂရိတ်ဖရုသီးစျေးကွက်ဟာ ကိုဗစ်ကာလ လွန်မြောက်ပြီးတဲ့ နောက် သယ်ယူစရိတ်ကြီးလာပေမဲ့ အရောင်းသွက်ဆဲဖြစ်နေတယ်လို့ သစ်သီးဈေးကွက်က စုံစမ်းသိရပါတယ်။
နှစ်ပေါင်းများစွာ ဂရိတ်ဖရုသီးရာင်းချသူ အမျိုးသမီး တဦးက “ကိုဗစ်ကာအချိန်တုန်းက အသီးအနှံ များများ စားရမယ်ဆိုလို့ ရန်ကုန်နဲ့ မန္တလေးက ခြင်းလိုက် လာဝယ်ကြတယ်။ ခုတော့ ပုံမှန် အခြေအနေ ပြန်ဖြစ်နေပါပြီ”လို့ ဆိုပါတယ်။
ပူတာအိုက ရွာတွေမှာ ဂရိတ်ဖရုတွေကို ဝယ်ရောင်းလုပ်သူတွေက ဖောက်သည်ဝယ်ကြတာလို့ သိရပြီး ရက်အလိုက် ဆိုင်အလိုက် ရောင်းအား မတူပေမဲ့ ကျပ် ၂ သိန်းဖိုးကနေ ၅ သိန်းဖိုး အထိရောင်းကြရပြီး ခြင်းလိုက် ဝယ်ယူတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဂရိတ်ဖရုရောင်းတဲ့နောက်ထပ် အမျိုးသမီး တဦးက “အရင်က ၁လုံးကို ၃၀ ပဲ ပေးရတာ။ ခုက ၈၀ ဖြစ်သွားတယ်။ ကားတစ်စီးမှာ အလုံးရေ တစ်သောင်းတော့ တင်လို့ရတယ်။ ခုက အပစ်အခတ်တွေကြောင့် ကားသမားတွေသိပ် မတက်ရဲလို့ တက်ရဲတဲ့ ကားသမားတွေကို စျေးပိုပေးတင်ရတယ်”လို့ ဆိုပါတယ်။
အရင်က အသီးတွေကို ရာသီပေါက်ဈေးအတိုင်း ပို့ဆောင်စရိတ် ပုံမှန်နှုန်းနဲ့ သယ်ယူ ရောင်းချနိုင်ပေမဲ့ အခုအခါမှာတော့ စက်သုံးဆီဈေးကြီးတာနဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ပို့ဆောင်စရိတ်တွေ ကြီးမြင့်လာတယ်လို့ သစ်သီးရောင်းသူတွေက ပြောပါတယ်။
ပူတာအိုမှာ ဝိုင်၊ ယို၊ ပျားရည်နဲ့ ဘုရင်သီးတွေကိုလည်း ရရှိနိုင်သလို ကျောက်ကြမ်းပိုး၊ မချစ်ဥ၊ ရှီးပတီးနဲ့ ဂျင်စင်းမြစ်အပါအဝင် တောင်ဆိတ်အဆီ ဒဏ်ကြေလိမ်းဆေးနဲ့ တခြား ရှားပါး ဆေးအမယ်စုံတွေလည်း ရနိုင်ပါတယ်။