close

ပူးပေါင်းရှာဖွေကယ်ဆယ်

close

January 25, 2023

မြန်မာသင်္ဘောသားများ လိုက်ပါလာသည့် ကုန်တင်သင်္ဘော နစ်မြုပ်၊ ဂျပန်နှင့် ကိုးရီးယား ပူးပေါင်းရှာဖွေကယ်ဆယ်နေ

ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံအကြား အရှေ့တရုတ်ပင်လယ်ပြင်မှာ မြန်မာသင်္ဘောသားတွေအပါအဝင် ၂၂ ဦးပါသွားတဲ့ ကုန်တင်သင်္ဘောတစီး ဇန်နဝါရီ ၂၃ ရက် မနေ့ညက နစ်မြုပ်သွားရာမှာ ၁၄ ဦးကို ပြန်ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေပါတယ်။

တန်ချိန် ၆၅၅၁ တန်ရှိ  ဟောင်ကောင်မှတ်ပုံတင်ထားတဲ့ ကုန်တင်သင်္ဘော “Jintian”  ဟာ ကိုရီးယားဒန်ဂျိုကျွန်းရဲ့ အနောက်ဘက် ၆၈ မိုင်၊ ဂျပန်နိုင်ငံ နာဂါဆာကီကမ်းရိုးတန်း အနောက်တောင်ဘက်  မိုင် ၁၀၀ လောက်မှာ နစ်မြုပ်သွားတာလို့ ဂျပန်နဲ့ ကိုရီးယားမီဒီယာတွေက ရေးပါတယ်။

ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ ဒီကုန်တင်သင်္ဘာပေါ်မှာ  တရုတ်သင်္ဘောသား ၁၄ ဦးနဲ့ မြန်မာသင်္ဘောသားက ၈ ဦးလိုက်ပါလာတာလို့ ဂျပန်တာဝန်ရှိသူတွေက ပြောပေမဲ့ ပျောက်ဆုံးနေသူတွေကတော့ ဘယ်နိုင်ငံသားတွေလဲဆိုတာ အသေးစိတ်မသိရသေးပါဘူး။

လက်ရှိအချိန်အထိ သင်္ဘာသား ၁၄ ဦးကို တခြားသင်္ဘောတစီးက ကယ်ဆယ်နိုင်ခဲ့ပြီး ဒီအထဲက ၉ ယောက်ကတော့ သတိလစ်နေဆဲပဲလို့ တာဝန်ရှိသူတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး တောင်ကိုရီးယား ယွန်ဟတ်သတင်းမှာ ရေးပါတယ်။

ရာသီဥတုဆိုးရွားပြီး သင်္ဘောမှောက်ခဲ့တဲ့နေရာမှာ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းတွေကို  တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံက လေယာဉ်တွေ၊ သင်္ဘောတွေနဲ့  ပူးပေါင်း ဆောင်ရွက်နေပါတယ်။

သင်္ဘောသားတယောက်က ဘေးအန္တရာယ် ကျရောက်နေတဲ့အကြောင်းနဲ့ သင်္ဘောစောင်းပြီး ရေတွေဝင်လာတဲ့အကြောင်းနဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က သတင်းပို့ပြီးနောက် ၄ နာရီလောက်မှာ   “Jintian” ကုန်တင်သင်္ဘော နစ်မြုပ်သွားတာလို့ ကျိုဒိုသတင်းမှာ ဖော်ပြပါတယ်။

သင်္ဘောကပ္ပတိန်က ဂျီဂျုကျွန်းပေါ်ရှိ ကိုရီးယားကမ်းခြေစောင့်တပ်ကို ဂြိုဟ်တုဖုန်းတဲ့ နောက်ဆုံးဆက်သွယ်ခဲ့တာ  ဇန်နဝါရီ ၂၄ ရက် ဒီမနက် ၂ နာရီ ၄၁ မိနစ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

ကိုရီးယားကမ်းခြေစောင့်အဖွဲ့တွေ ရောက်သွားချိန်မှာ သင်္ဘောဟာလုံးလုံးမြုပ်သွားပြီဖြစ်ပြီး ရှာတွေ့ရဲ့ အသက်ကယ်ဘော ၃ ခုနဲ့ သက်ကယ်လှေပေါ်မှာလည်း တယောက်မှ မတွေ့ဘူးလို့ ပြောပါတယ်။

သင်္ဘောနစ်မြုပ်ရတဲ့ အကြောင်းရင်းကို အတိအကျမသိရသေးဘဲ အခင်းဖြစ်တဲ့အချိန်ဟာ ဂျပန်နဲ့ တောင်ကိုရီးယားမှာ နှင်းတွေ အရမ်းကျနေပြီး နေ့အပူချိန်ဟာ ၃ ဒီဂရီလောက်ပဲ ရှိတယ်လို့ သိရပါတယ်။

လေပြင်းတွေတိုက်ခိုက်နေကြောင်း ကင်းလှည့်ရေယာဉ်နဲ့ လေယာဉ်တွေ စေလွှတ်ခဲ့ပေမဲ့ ရာသီဥတု ကြမ်းတာကြောင့် နှောင့်နှေးခဲ့ရတယ်လို့  ဂျပန် ကမ်းခြေစောင့်တပ်က ပြောပါတယ်။

2 mins Ago
Up