တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှာ လချီကြာနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု အဆုံးသတ်ရေး ရောဂါခြေချုပ် အားထုတ်မှုတွေကို ပိုတိုးလုပ်လာပြီး လူတွေကို အကြီးအကျယ် စစ်ဆေးနေတဲ့အတွက် ဒေသခံတချို့ကြားမှာ စိုးရိမ်သောကတွေနဲ့ စိတ်ပျက်မှုတွေ တိုးလာနေပါတယ်။
"ရှန်ဟိုင်းလိုမဖြစ်အောင် ပေကျင်းမြို့တော်က ကြိုးစားသင့်တယ်၊ ကျနော် အခု ပိုပြီး စိုးရိမ်လာပြီ" လို့ အသက် ၆၀ အရွယ် ဒေသခံတယောက်က ပြောပါတယ်။
သက်ကြီးနိုင်ငံသားတွေကို စောင့်ရှောက်နေရတဲ့ မိသားစုတွေမှာ စိန်ခေါ်မှုတွေ အဆင်မပြေမှုတွေကို အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။
တရုတ်အစိုးရရဲ့ ကိုဗစ် လုံးဝကင်းစင်ရေး မူဝါဒ အစိတ်အပိုင်းအနေနဲ့ ရပ်ကွက်တခုက လူအယောက် ၁,၈၀၀ လောက်ကို ရောဂါခြေချုပ်အနေနဲ့ အနားက ဟော့ဘေးပြည်နယ် ကျန်းကျားကျိုးမြို့ဆီကို ရွှေ့ပြောင်းနေရာချထားခဲ့တယ်လို့ အစိုးရမီဒီယာ ပေဂျင်းဒေးလီး သတင်းဌာနက ကြေညာပါတယ်။
ပေဂျင်းရဲ့ ခရိုင် ၁၆ ခုထဲက ၁၁ ခုမှာ ပြင်းထန်မှု အမျိုးအစားပေါ် မူတည်ပြီး အိမ်ကနေ အလုပ်လုပ်ဖို့ အမိန့်ထုတ်ထားပါတယ်။
မြို့တော်တလွှား အများသုံး သယ်ယူပို့ဆောင်ရေးကိုလည်း လျှော့ချထားပြီး ကုန်တိုက်တန်းတွေနဲ့ တခြားနေရာတွေကိုတော့ ပိတ်ထားပါတယ်။
တရုတ်မြို့တော် ပေကျင်းမှာ မေ ၂၄ ရက်က ရောဂါလက္ခဏာပြတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာသစ် ၄၁ ယောက်ကို မှတ်တမ်းတင်ထားပြီး အရင်နေ့နဲ့ အပြောင်းအလဲ မရှိဘူးလို့ စီစီတီဗီ သတင်းဌာနက ဆိုပါတယ်။