ဆောင်းရာသီအိုလံပစ်ပွဲအတွက် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က တရုတ်မြို့တော် ပေကျင်းကို သွားမယ့် ခရီးစဉ်အတွင်း ရုရှားနဲ့ တရုတ်တို့ဟာ ဓာတ်ငွေ့နဲ့ဘဏ္ဍာရေး နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမယ်လို့ ရုရှားသမ္မတနန်းတော်က ဖေဖော်ဝါရီ ၂ ရက်မှာ ပြောပါတယ်။
ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ဖေဖော်ဝါရီ ၄ ရက်နေ့ နေ့လယ်စာ အတူစားမှာဖြစ်ပြီး သဘောတူညီချက် ၁၅ ချက်ကျော် လက်မှတ်ထိုးနိုင်တယ်လို့လည်း သမ္မတရုံး လက်ထောက် ယူရိအူရှာကော့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။
ပူတင်ဟာ ဖေဖော်ဝါရီ ၄ ရက်နေ့က ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မယ်လို့လည်း သူက ပြောပါတယ်။
သဘာဝဓာတ်ငွေ့ဆိုင်ရာ သဘောတူညီချက်အသစ်တွေ အများအပြားကို ပြင်ဆင်ပြီးပြီလို့လည်း ဆိုပါတယ်။
ဒဏ်ခတ်မှုတွေကို ကြံ့ကြံ့ခံမယ့် ပူးတွဲဘဏ္ဍာရေးအခြေခံ အခင်းအကျင်းတွေကို ဖန်တီးဖို့ အပြင်းအထန် အားထုတ်ထားတယ်လို့လည်း ယူရိအူရှာကော့ဗ်က ပြောပါတယ်။
တရုတ်နိုင်ငံကို သွားမယ့် ရုရှားကိုယ်စားလှယ်အဖွဲ့ထဲမှာ နိုင်ငံခြားရေးဝန်ကြီး ဆာဂီလ် လာ့ဗ်ရော့ဗ်၊ စွမ်းအင်ဝန်ကြီး နီကိုလိုင် ရှူလ်ဂီနော့ဗ် နဲ့ အစ်ဂေါ ဆေချင်၊ ရေနံလုပ်ငန်းကြီး ရို့စ်နက်ဖ်ရဲ့ အမှုဆောင် အရာရှိချုပ်တို့လည်း ပါတယ်လို့ သမ္မတရုံး လက်ထောက်က ပြောခဲ့ပါတယ်။