close

ပေကြီး

close

May 4, 2023

စစ်အုပ်ချုပ်‌ရေးအောက်က သတင်းသမားများ

မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ‌World press freedom day မှာ ခေတ်အဆက်ဆက် ငတ်တလှည့်ပြတ်တလှည့် ထောင်ထဲဝင်လိုက် ထွက်လိုက်နဲ့ အသက်တွေ ဘဝတွေ ပေးဆပ်ခဲ့ကြတဲ့ သတင်းသမား ဆရာကြီးများ၊ သတင်းပညာရှင်များ၊ ခေတ်ဆိုး စနစ်ဆိုးကြီးထဲမှာ ရောက်ရာနေရာ ကျရာအခန်းကဏ္ဍကနေ ပါဝင်နေကြတဲ့ ဆရာများအားလုံးကို မလွတ်လပ်တဲ့ကြားက စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ဒီဗွီဘီ ဝိုင်းတော်သားများက လေးလေးစားစား ဦးညွှတ်ဂါရဝပြုလိုက်ပါတယ်။

မြန်မာနိုင်ငံက သတင်းသမားများဟာ ဆူးကြားထဲက ဘူးခါးတွေလိုပါပဲ၊ လူသိမခံရဲ၊ ခိုးကြောင်ခိုးဝှက် သတင်းလိုက် သတင်းရေးနေကြရတယ်။ သတင်းတပုဒ်အတွက် အသက်တွေ ဘဝတွေ စတေးသွားရတဲ့ သတင်းသမားတွေ မြန်မာနိုင်ငံမှာ မရေတွက်နိုင်အောင်ပါပဲ။ အဲဒီအထဲကမှ သတင်းသမားဆို ဖမ်းမယ် ဆီးမယ် သတ်မယ်ဆိုတဲ့ စစ်တပ်နဲ့ နောက်လိုက်တွေက သတင်းသမားကို ကြွက်ချောင်းသလို ချောင်းနေကြတယ်။ စစ်တပ် လက်သုံးစကားက ဒေါ်လာစားတွေတဲ့၊ ပြည်ပနိုင်ငံတွေက ငွေယူပြီး မဟုတ်မမှန်သတင်းတွေနဲ့ နိုင်ငံကို ဖျက်ဆီးနေကြတာလို့ မဟုတ်တမ်းတရား အခြေအမြစ်မရှိ စွပ်စွဲ ပြောဆိုကြသေးတယ်။ သူတို့ ဒေါ်လာငန်းဖမ်းနေသလို သတင်းသမားတွေ ဒေါ်လာရမယ် ထင်နေကြတာ။ နေစရာမရှိတဲ့ သတင်းသမား၊ စားစရာမရှိတဲ့ သတင်းသမား၊ လူမသိသူမသိ ဘဝတွေ ပေးဆပ်လိုက်ရတဲ့ သတင်းသမားတွေ မြန်မာနိုင်ငံမှာ အများကြီး။ သတင်းပညာနဲ့ ဝါသနာကို အခြေခံထားကြတော့ ငွေလည်းမမက်ကြဘူး၊ ရာထူးအာဏာလည်း မမက်ကြဘူး။ ဒေါ်လာတွေ ငွေတွေထက် ပြည်သူတွေကို ချပြပေးမယ့် သတင်းတပုဒ်လောက် မမက်မောကြဘူး။ အဲ့ဒီလို သတင်းသမားစစ်စစ်တွေကို မတရားမှုမှန်သမျှ ပြုလုပ်နေသူတွေက အလိုမရှိကြဘူး။ မီဒီယာကို မီဒီယာနဲ့တိုက်ဖို့ သူတို့ပြောတဲ့ ဒေါ်လာစား သူတို့လူ အရေခြုံ သတင်းသမားအမည်ခံ အရှက်မဲ့သူတွေနဲ့ သတင်းသမားတွေနဲ့ တန်းညှိခဲ့ကြတယ်။

စစ်တပ်လက်အောက်ခံ သတင်းမီဒီယာဌာနတွေ၊ အွန်လိုင်းပေါ်က မီဒီယာအမည်ခံတွေ သတင်းသမား အတုအယောင်တွေကြားမှာ ပြည်သူ့ဘက်က ရပ်တည်လို့ ပြည်သူတွေထံ သတင်းဆက်လက်စီးဆင်းနိုင်ဖို့ ပြည်သူ့သတင်းသမားတွေ နေ့စဉ် ကြိုးစားတင်ဆက်ခဲ့ကြတယ်။

ဒီနွေဦးတော်လှန်ရေးမှာ စစ်တပ်က အလွယ်တကူ ဖမ်းဆီးသတ်ဖြတ်လို့မရအောင် တောတောင်လျှိုမြောင်ကြားက ပြည်သူ့သတင်းသမားတွေကို မင်းအောင်လှိုင် နောက်လိုက်တွေ မယှဉ်နိုင်ခဲ့ဘူး။ ဒါကြောင့် ပြည်သူ့သတင်းသမားတွေကို စစ်အုပ်စုက ရန်သူလို သဘောထားခဲ့ကြတယ်။

စစ်တပ်လက်အောက်ခံ သတင်းဌာနတွေ၊ တပ်ပိုင်မီဒီယာတွေကနေ သူတို့ရဲ့ ဝါဒဖြန့်သတင်းတွေကို ပြည်သူတွေက မယုံကြည် လက်မခံကြဘူး။ ဘာကြောင့်လဲဆို မမှန်သတင်း အလိမ်အညာသတင်းတွေနဲ့ ပြည်သူတွေကို အဆိပ်ခတ်နေလို့ လက်မခံကြတာ ဖြစ်တယ်။

အရင်ကရော လက်ရှိအခြေအနေမှာရော မလွတ်လပ်သေးတဲ့ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် တချိန်မှာ အပြည့်အဝ ရရှိကြပါစေလို့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် World press freedom day နေ့မှာ တောင်းဆုပြုလိုက်ပါတယ်။

ပေကြီ

29 mins Ago

May 1, 2023

နွေဦးတော်လှန်ရေးအောင်ပွဲဆီ ဆက်လက်ချီတက်မည်

အာဏာသိမ်းစစ်တပ်နဲ့ နောက်လိုက်နောက်ပါ ကျွန်ဖြစ်ချင်သူတွေနဲ့ မတရားမှုမှန်သမျှ ဆန့်ကျင်‌နေတဲ့ တော်လှန်လူထု ပွတ်တိုက်ထိတွေ့မှုတွေ ပိုမိုပြင်းထန်လာနေပါပြီ။ တံလျှပ်ကိုရေထင်နေတဲ့ အဖြူရောင် အနုပညာရှင်တွေ သာမယ်ထင်ပြီး ကူးသွားသူတွေကို လူရှေ့ထုတ်ကာ မျောက်ပြ ဆန်တောင်းတဲ့ အချိုးတွေနဲ့ မင်းအောင်လှိုင် လက်ပါးစေ နောက်လိုက်ကျွန်တွေက ပြည်သူကို ဆိုက်ဝါးထည့်နေကြတယ်။ ပဇီကြီးသတင်းကို ဖုံးဖိဖို့ မင်းသား မင်းသမီး အဆိုတော်သတင်းတွေနဲ့ သင်္ကြန်ကို ပွဲဆူအောင်ကြံတယ်။ ကိုယ့်ဖဲကိုယ်ချိုး ထိုးကြွေးတယ်။ ဒါပေမဲ့ ပြည်သူတွေက မင်းအောင်လှိုင်ပြောသမျှ လုပ်သမျှ ပြောင်းပြန် ဆန့်ကျင်ဘက်က‌နေ အဖြေထုတ်ခဲ့ကြတယ်။

နိုင်ငံတကာမှာ မြန်မာနိုင်ငံက ပြည်သူတွေကို အကြမ်းဖက်လူထုလို့ အမည်တပ်လိုတဲ့ မင်းအောင်လှိုင်ရဲ့ ထောင်ချောက်ထဲကို အိမ်နီးချင်းနိုင်ငံတွေနဲ့ အနောက်အင်အားကြီး နိုင်ငံတွေက မသိမသာရော သိသိသာသာရော စစ်ခေါင်းဆောင် မင်းအောင်လှိုင်အလိုကျ တွန်းချ ဆွဲချဖို့ အချိန်ဆွဲကာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို စတေးနေခဲ့ကြတယ်။ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတာတောင် အခုချိန်ထိ ဆင်ခြေရာ ရှာနေကြဆဲ ဖြစ်တယ်။

မင်းအောင်လှိုင်ရဲ့ ထောင်ချောက်ကို ပြည်သူလူထုနဲ့ တော်လှန်ရေးအဖွဲ့တွေက ဒီနေ့ ဒီအချိန်ထိ ချေပကျော်လွှားနိုင်ခဲ့ကြတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ တော်လှန်ရေးအဖွဲ့တွေရဲ့ သတိနဲ့ အသိတွေက မင်းအောင်လှိုင်အဖို့ မျက်ကလူးဆန်ပြာ ဖြစ်စေခဲ့တယ်။

အိမ်နီးချင်းနိုင်ငံတွေနဲ့ အနောက်အင်အားကြီးနိုင်ငံတွေကတော့ ယနေ့အထိ ရှုတ်ချ ကန့်ကွက် တံခါးပိတ် စာရွက်တရွက်နဲ့ အလုပ်ရှုပ်ပြနေတုန်းပါပဲ။ မြန်မာနိုင်ငံကြီး ပြာပုံအတိဖြစ်မှ ဝမ်းနည်းပက်လက်နဲ့ စိတ်မကောင်းဖြစ်ပြကြမယ့် အနေအထားလို့ ပြောရပါတော့မယ်။ ပြည်ပအားကိုးလို့ စစ်မိစ္ဆာလက်ပါးစေတွေက ဆိုကြပါလိမ့်အုံးမယ်။ ဘယ်ပြည်ပမှ အားမကိုးသလို ဒီအချိန် ဒီအတိုင်းအတာထိ မြန်မာ့နည်း မြန်မာ့ဟန် မြန်မာ့တော်လှန်အားမာန်နဲ့ ချီတက်တော်လှန်နေကြတာ ဒီနေ့အထိပါပဲ။ ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးသမိုင်းသစ်မှာ တော်လှန်ရေးအဖွဲ့အစည်းတွေကို နိုင်ငံတကာမှာ အကြမ်းဖက်တွေအဖြစ် သမိုင်းမှတ်တမ်းမဝင်လိုတဲ့အတွက် နိုင်ငံတကာသိအောင် တင်ပြတောင်းဆို ချပြနေခြင်းဖြစ်တယ်။ နွေဦးတော်လှန်ရေးကို သမိုင်းမှတ်တမ်း ရေးထိုးနေကြခြင်း ဖြစ်တယ်။

ပဇီကြီးဖြစ်စဉ်မှာ အပြစ်မဲ့ပြည်သူတွေ လူပေါင်းရာချီပြီး ရက်ရက်စက်စက် ခေါင်းတခြား ကိုယ်တခြား အပိုင်းပိုင်းပြတ်တဲ့ထိ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကို မင်းအောင်လှိုင်စစ်တပ်က မယှဉ်သာဘူး။ ‌ပြည်သူတွေက အရပ်သားအစိုးရကို လိုချင်တယ်၊ ရချင်တယ်၊ အားပေးတယ်။ စစ်ကောင်စီက လူတွေကို ဖမ်းတယ်၊ သတ်တယ်၊ ရွာတွေကို မီးရှို့တယ်။ ပဇီကြီးရွာက ပြည်သူတွေဟာ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ကောင်စီကို လက်မခံ အားမပေးခဲ့ဘူး။ လက်နက်နဲ့ အနိုင်ကျင့်ပြီး မတရား အာဏာသိမ်းလိုက်ကတည်းက ဆန့်ကျင်ခဲ့ကြတဲ့ ကျေးရွာနေ ပြည်သူလူထုကို မိန်းမလိုမိန်းမရ ရည်ရွယ်ချက်ရှိရှိ အငြိုးထားကာ သတ်ဖြတ်နေတာဖြစ်တယ်။

စစ်အာဏာရှင်ရဲ့ သားသမီး မြေးမြစ် မျိုးဆက်သစ် မိစ္ဆာ‌တွေက ပြည်သူကို ပြည်သူလိုမမြင်၊ လူကို လူလိုမမြင်တတ်တော့ ရုံးဖွင့်ပွဲလုပ်ပြီး ပြည်သူတွေအသက်ကို ရင်းတာလို့ လိုရာဆွဲတဲ့ ပြောစကားနဲ့ ပြောဆိုသွားတယ်။ စစ်တပ်ကအုပ်ချုပ်တာကို မလိုလား လက်မခံလို့ တော်လှန်နေချိန် ထောင်ထဲက သူခိုးဂျပိုးတွေလွှတ် ဒုစရိုက်လုပ်ငန်းတွေလုပ်ခိုင်း၊ အဲ့ဒီရန်တွေကာကွယ်ဖို့ ဒေသန္တရအုပ်ချုပ်ရေး လိုအပ်တယ်၊ ဒါကြောင့် တဲသာသာ မြေစိုက်အိမ်လေးဆောက်ပြီး ကျေးရွာအုပ်ချုပ်‌ရေးရုံးအဖြစ် တောဓလေ့ တောရိုးရာအတိုင်း အကျွေးအမွေးလေးနဲ့ဖွင့်တာ အပြစ်ကြီးလား။ စစ်တပ်က လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်နေတာကို သိလျက်နဲ့ စစ်တပ်ကလာသတ်အောင် ဖွင့်ပွဲလုပ်တာလို့ ပြောဆိုကြမယ်ဆိုရင်ဖြင့် ဘာမှမလုပ်ဘဲ ဒီအတိုင်း ငြိမ်ငြိမ်လေး စစ်ဖိနပ်အောက်မှာ စစ်သားတွေ မုဒိမ်းကျင့်တာ၊ မီးရှို့တာ၊ ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ လည်စင်းခံပေး နေကြရမှာလား။ သူခိုးဂျပိုးတွေ လုပ်သမျှ ငြိမ်ခံနေကြရမှာလား။ စစ်တပ်အလိုကျ နောက်မြီးဆွဲတွေက ခြိမ်းခြောက်စကားနဲ့ အကြောက်တရားဖြစ်အောင် ပြည်သူတွေကို အပြစ်တင်စကား ပြောဆိုတာပဲဖြစ်တယ်။

မင်းအောင်လှိုင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို နိုင်ငံတကာက ခေါင်းဆောင်တွေကလည်း ကြောက်နေကြတာများလား။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံအဖွဲ့က ဘာပြောပြော မင်းအောင်လှိုင်က လှန်ပြထားတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဘာလုပ်မယ် ညာလုပ်မယ် ဘယ်လိုပင်ပြောဆိုနေပါစေ၊ ဂရုမစိုက်‌ဘဲ ဆက်ပြီး မိုက်ရိုင်းပြနေတာ ဘယ်လောက်ကြာပြီလဲ။ မြန်မာနိုင်ငံသားတွေရဲ့ အသက်တွေက တန်ဖိုးမရှိလို့များလား၊ ဘယ်လောက်ထိသေပေးမှ စစ်မိစ္ဆာအရိုင်းစိုင်းကောင်ကို အပစ်ပေး အရေးယူကြမှာလဲ။

မြန်မာနိုင်ငံရဲ့ ယနေ့ဖြစ်ပျက်နေတဲ့ အခင်းအကျင်းက အတိုင်းအတာထက် အများကြီး ကျော်လွန်နေပါပြီ။

ပဇီကြီးက ကလေးတွေ၊ လက်ယက်ကုန်းက ကျောင်းသား ကျောင်းသူတွေ၊ တာတိုင်က မိဘမောင်ဘွား‌ေတွ၊ နန်နိမ်ကပြည်သူတွေ၊ အနန့်ပါက သွေးချင်းတွေက မင်းအောင်လှိုင် ပလ္လင်အတွက် တိုင်းရင်းသားပြည်သူတွေရဲ့သွေးတွေ မြေခပေးနေရတာလား။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကလည်း လူထဲက လူတွေလို့ မြင်မပေးနိုင်ကြတော့တာလားလို့ နိုင်ငံတကာကို မေးခွန်းထုတ်ရတော့မှာဖြစ်တယ်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အစည်းအဝေးတွေမှာ ဗီတိုအာဏာသုံးခွင့်ရှိနေတဲ့ နိုင်ငံတချို့က ဒါဟာ ပြည်တွင်းရေးဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်ကနေ ကျော်ပြီးစဉ်းစားကြဖို့ လိုနေပြီလို့ ကျမတို့အနေနဲ့ မြင်ပါတယ်။ ဗီတိုအာဏာ ပိုင်ဆိုင်ထားတဲ့ နိုင်ငံကြီးတွေအနေနဲ့ ကျမတို့ နိုင်ငံသူနိုင်ငံသားတွေ ခံစားနေရတဲ့ ဖိနှိပ်ခံရမှုတွေ၊ အကြမ်းဖက် ရက်စက်ခံရမှုတွေ မျက်ဝါးထင်ထင် မြင်‌တွေ့နေရတာကို ဘယ်သူမှ လိမ်လို့မရ ဖုံးကွယ်လို့မရအောင် အားလုံးသိနေပြီးသား ဖြစ်နေတာကို သိလျက်နဲ့ ပျက်ကွက်နေတာကိုက အင်မတန် ရှက်စရာကောင်းတယ်။ ကုလသမဂ္ဂအနေနဲ့ရော၊ လုံခြုံရေးကောင်စီအနေနဲ့ရော၊ အထူးသဖြင့် ဗီတိုအာဏာကိုင်စွဲထားတဲ့ နိုင်ငံတွေအနေနဲ့ရော ဒီကိစ္စတွေမှာ ပိုပြီးတာဝန်ရှိတယ်လို့ ကျမအနေနဲ့ မြင်မိပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပဇီကြီးကျေးရွာ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ဝေဖန်‌ ပြောဆို မေးခွန်းထုတ်ခဲ့တယ်။

ဦးကျော်မိုးထွန်းကလည်း မတရားအာဏာသိမ်း စစ်‌ကောင်စီအဖွဲ့ကို အရေးယူနိုင်ရေး အက်ရှင် (Action) ယူဖို့ တောင်းဆိုခဲ့တယ်။ စကားတွေလည်းကုန်ပြီး ကျေးရွာဒေသတွေက လူနေအိမ်တွေလည်းကုန်ပြီ၊ အချိန်တွေလည်းကုန်ပြီ၊ လူ့အသက်တွေလည်း ပေးဆပ်နေရတာ များလှပြီ။ အဲ့ဒီတော့ ပေးစရာကုန်ပြီ၊ ပြန်ယူဖို့ပဲကျန်တော့တယ်။ ပြန်ယူရမယ့်အလှည့်ကျပြီ။ အချိန်ရောက်ပြီ။

ကုလသမဂ္ဂမှာ ဗီဒိုအာဏာသုံးခွင့်ရှိတဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတွေဟာ တကယ်တော့ ဒီမိုကရေစီကို မလိုလား မနှစ်သက်တဲ့နိုင်ငံတွေ ဖြစ်သလို မြန်မာနိုင်ငံကို လက်နက်နဲ့ အနိုင်ကျင့် အုပ်ချုပ်လိုတဲ့ စစ်မိစ္ဆာတွေနဲ့ မိတ်ဘက်တွေ ဖြစ်နေတာကြောင့် မင်းအောင်လှိုင်က ယူအန်ကိုရော အာဆီယံကိုရော အဖက်လုပ်စရာမလိုတဲ့ အဖွဲ့အစည်းတွေအဖြစ် လူမိုက်ဆန်ဆန် မိုက်ရိုင်းပြနေခြင်းဖြစ်တယ်။

အာဆီယံနဲ့ ယူအန်ကို တင်ပြတောင်းဆိုနေတာဟာ အတိုင်းအတာတခုကို ကျော်လွန်သွားပါပြီ။ မြန်မာလူထုက ဖြစ်တဲ့နည်းနဲ့ ရရာလက်နက်ဆွဲကာ အဆုံးစွန်ထိ စစ်အာဏာရှင်ကို အမြစ်ပြတ် တွန်းလှန်တိုက်ထုတ်ကြရတော့မယ့်အချိန် ရောက်ပြီဆိုတာ ရေးသားတင်ပြလိုက်ပါတယ် ...။

ပေကြီး

3 days Ago
Up