close

ပေဂျီဆေးမြစ်

close

September 27, 2022

ပူတာအို‌တွင် ဆေးမြစ်ရှာဖွေရင်း လူ ၂ ဦး ရေခဲတောင်ပေါ်က ပြုတ်ကျ သေဆုံး

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ ပေဂျီဆေးမြစ်ရှာဖွေရင်း စက်တင်ဘာ ၂၆ ရက် မနေ့က ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်၊ ၂၄ ရက်နေ့က အမျိုးသားတယောက် ရေခဲတောင်ပေါ်ကနေ ပြုတ်ကျသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပူတာအိုမြို့နယ် မလိခေါင်ကျေးရွာမှာ နေထိုင်သူ ကိုယ်ဝန်ဆောင် ဒေါ်နင်ဆားရ် ဟာ စက်တင်ဘာ ၂၆ ရက် ညနေခင်းပိုင်းမှာ ပူတာအိုဒေသခံတွေ အခေါ် ပေဂျီဆေးမြစ်ရှာရင်း တောင်ပေါ်ကနေပြုတ်ကျ သေဆုံးသွားတာကြောင့် အခုနှစ်အတွင်း ရေခဲတောင်ကနေ ပြုတ်ကျသေဆုံးသူ ၆ ယောက်ရှိပြီဖြစ်ပါတယ်။ 

“မနေ့က ဒေါ်နင်ဆားရ်တယောက် ပေဂျီရှာရာကနေ တဲကိုအပြန်လမ်းမှာ တောင်ပေါ်က ပြုတ်ကျပြီး သေဆုံးသွားတယ်လို့ ဖုန်းဆက်လာတယ်။ သူက ကိုယ်ဝန်‌ ၄ လနဲ့။ မိသားစုပြဿနာ ဖြေရှင်းဖို့အတွက်ဆိုပြီး ဆေးမြစ်သွားရှာတာ ခုလို အဖြစ်ဆိုးနဲ့ ကြုံရတယ်။ ဒေါ်နင်ဆားရ်ဟာ ကလေး ၃ ယောက်ရဲ့မိခင်ဖြစ်တယ်” လို့ မလိခေါင်ရွာခံတယောက်က ပြောပါတယ်။ 

စက်တင်ဘာ ၂၄ ရက်ကလည်း ပူတာအိုမြို့နယ် ‌‌ဆန်ဂေါင်ကျေးရွာခံ အမျိုးသားတယောက်ဟာ ပေဂျီရှာရင်း တောင်ပေါ်ကပြုတ်ကျသေဆုံးခဲ့တယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။

“သူက ဒီနှစ် ပေဂျီ ပိဿာ ၄၀ လောက်ရလို့ သိန်း ၁၀၀ ကျော်ရပြီဆိုပြီး အရမ်းပျော်‌ရွှင်နေတာ။ ဟုတ်တယ်။ မမျှော်လင့်ဘဲ စနေနေ့မှာ ပြုတ်ကျ သေဆုံးသွားလို့ မနေ့က သင်္ဂြိုဟ်လိုက်ပြီ” လို့ ပြောပါတယ်။ 

ပူတာအို ရေခဲတောင်မှာ ပေဂျီဆေးမြစ်ရှာဖွေရင်း ၂၀၂၁ ခုနှစ်က အယောက် ၂၀ လောက် တောင်ပေါ်က ပြုတ်ကျသေဆုံးခဲ့တာပါ။ ပေဂျီဆေးမြစ်ဟာ ရေခဲတောင်ပေါ်က ကျောက်ဆောင်မှာပဲ ပေါက်တာဖြစ်လို့ စွန့်စားပြီးရှာရတဲ့ ဆေးမြစ်တမျိုး ဖြစ်ပါတယ်။ 

ပေဂျီဟာ တရုတ်ဈေးကွက်ရှိနေပြီး လက်ရှိပူတာအိုမှာ ၁ ပိဿာကို ၁၀ သိန်း ၂ သောင်းလောက်နဲ့ ရောင်းဝယ်နေကြတာ ဖြစ်ပါတယ်။

45 seconds Ago
Up