စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် ဆိတ်သာကန်ကျေးရွာအနီး မုံရွာ - ရေဦး ကားလမ်း မိုင်တိုင်အမှတ် ၁၀၉ ဝန်းကျင်နေရာမှာ ဩဂုတ် ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က ကားလမ်းဘေးထောင်ထားတဲ့ မိုင်းတွေ ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
ဆိတ်သာကန် ရွာခံ တစ်ယောက်က "ပေါက်ကွဲအားက ပြင်းတယ်၊ ထိခိုက်ပျက်စီးတာတွေရှိတယ်၊ နောက်ပြီး ပျားရည်ရောင်းတဲ့ လမ်းသွားအမျိုးသမီတစ်ယောက် ဆုံးတယ်လို့ ကြားတယ်။ ကနီမြို့နယ်ဘက်ကနေ ကျနော်တို့ ဘုတလင်နယ်ဘက်ကို ကူးလားတဲ့ စစ်သားတွေ ရောက်လာပြီး မကြာခင်ပေါက်ကွဲတာဗျ။” လို့ ပြောပါတယ်။
အဲဒီမိုင်းတွေကို စစ်ကောင်စီတပ်က ထောင်သွားတာလို့ ပေါက်ကွဲမှုဖြစ်တဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံတွေက ပြောပေမယ့် ဒီဗွီဘီက အတည်ပြုလို့မရသေးပါဘူး။
ဆိတ်သာကန်ကျေးရွာအနီး မိုင်းသုံးလုံးပေါက်ကွဲမှုကြောင့် စုတ်ပြတ်ပျက်စီးနေတဲ့ ဆိုင်ကယ် ၁ စီး တွေ့ရပြီး မိုင်းပေါက်ကွဲတဲ့အနီး ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ လာရောက်ရှာဖွေဖျက်ဆီးမှာ ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့မှာ မေလ ၇ ရက်နေ့ညက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဒီကနေ့ ည ၇ နာရီ ၄၇မိနစ်က အမှတ်(၂)၊ ဘူတာမြောက်ရပ်ကွက်၊ မတ္တရာဈေးမြောက်ဘက်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ မတ္တရာမြို့ခံ တစ်ဦးကပြောပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်တပ်က ချက်ချင်းရောက်လာခဲ့ပြီး ပြည်သူတစ်ဦးမှ အပြင်မထွက်ရဲခဲ့ဘူး လို့လည်းပြောပါတယ်။
မတ္တရာမြို့ခံတစ်ဦးက"လက်လုပ်မိုင်းလား၊ ဗုံးလား မသဲကွဲဘူး၊ အသံက တော်တော်ကြီးကို ကျယ်တယ်"လို့ ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် အဆိုပါ အနီးနားက ဆိုင်ကယ်တချို့ ပျက်ဆီးသွားပြီး လူတွေထိခိုက်မှု မရှိဘူးလို့လည်း ကနဦး သိရပါတယ်။ မတ္တရာမြို့မှာ အခုလို ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်တာဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။
ဓာတ်ပုံ CJ