close

ပေါက်ကွဲမှု ထပ်မံဖြစ်ပွား

close

August 27, 2021

မြဝတီ မြို့မရဲစခန်းအနီး ပေါက်ကွဲမှု ထပ်မံဖြစ်ပွား

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ဩဂုတ် ၂၇ ရက် ဒီနေ့လယ် ၂ နာရီလောက်က အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ၊ မြဝတီမြို့မရဲစခန်းအနောက်နားမှာ   လက်လုပ်မိုင်းအကြီးစားတစ်လုံး အသံကျယ်လောင်စွာ ပေါက်ကွဲခဲ့ပါတယ်။  

အဆိုပါ ပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့  ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ 

မိုင်းပေါက်ကွဲနောက်ပိုင်း  စစ်ကောင်စီတပ်  ခလရ (၂၇၅)မှ ဗိုလ်ကြီးသက်တင် ဦးစီးအဖွဲ့နဲ့ မြဝတီခရိုင်  ရဲဒုတိယရဲမှူးကြီး အောင်မြင့်ဌေး ဦးစီးအဖွဲ့တို့က  လာရောက်  စစ်ဆေးနေပါတယ်။ 

စစ်ဆေးရာမှာ ရဲစခန်းခြံစည်းရိုးအုတ်နံရံအနီး ဆိုင်ကယ်တက္ကစီဂိတ်နားရှိ သောက်ရေအိုးစင်ရှေ့ ကွန်ကရစ်ပြားအကြားမှာ လက်လုပ်မိုင်း(စိစစ်ဆဲ) တစ်လုံးပေါက်ကွဲတာတွေ့ရှိခဲ့ပြီး  သံတိုသံစ အပိုင်းအစတွေကို စစ်ဆေးအဖွဲ့က သိမ်းဆည်းသွားပါတယ်။

မိုင်းဖောက်ခွဲသူကို ဖမ်းဆီးရမိရေးအတွက် စစ်ကောင်စီတပ်တွေက လှည့်ကင်း/ဝပ်ကင်းအဖွဲ့တွေနဲ့ ပိတ်ဆို့ရှာဖွေစစ်ဆေး နေပါတယ်။  

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ဒီကနေ့ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဒီမနက် ၆ နာရီခွဲလောက်ကလည်း အမှတ်(၅)ရပ်ကွက် သုခ ၂ လမ်းထောင့်နားမှာ   ချိန်ကိုက်မိုင်းပေါက်ကွဲလို့ ရပ်ထားတဲ့ကားတစ်စီး မှန်ကွဲသွားပေမဲ့ လူတွေကတော့  ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။ 

13 mins Ago
Up