close

ပေါက်ခေါင်းမြို့

close

September 1, 2022

ပေါက်ခေါင်းမြို့တွင် လုယက်မှု၊ အနုကြမ်းစီးမှု၊ ဓားပြမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့မှာ  အခုရက်ပိုင်းအတွင်း လုယက်မှုတွေ၊ အနုကြမ်းစီးမှု၊ ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဩဂုတ်လ ၃၀ ရက် တရက်တည်းမှာ ဆရာတော်ထံက ငွေလုယက်ခံရတာအပါအဝင် လုယက်မှု အနည်းဆုံး  ၄  မှု လောက် ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ဩဂုတ် ၃၀ ရက်က  ပေါက်ခေါင်းမြို့ကနေ ရိုးမဘက်အထွက်မှာ ထောင်ရကျောင်းဆရာတော်ရဲ့ကားကို လူတစုကတားဆီးပြီး လုတဲ့အတွက် ဆရာတော်က ငွေကျပ်    ၃၀၀၀၀ ပေးလိုက်ရတယ်လို့ ဒေသခံက ပြောပါတယ်။

ပေါက်ခေါင်း မြို့လယ်ကျောက်ရုပ်အနီး လဝကရုံးရှေ့မှာလည်း ညနေ ၆ နာရီလောက်က ပေါက်ခေါင်း-ပြည်ကားဂိတ်မှာ ဈေးရောင်းပြီးပြန်လာတဲ့  စိန်ပန်း တို့ဟူး အသုတ်သည် အမျိုးသမီးထံကနေ လူ ၃ ယောက်က ပိုက်ဆံအိပ်ကိုလုခဲ့တာကြောင့်   ငွေကျပ် ၇၀၀၀ နဲ့ မှတ်ပုံတင်ပါသွားပါတယ်။

အလားတူ ပေါက်ခေါင်းအမှတ်(၁) ဈေးမှာ ကြက်သားရောင်းတဲ့ အဘွားအို တဦးလုယက်ခံရသလို  ဆံပင်နဲ့ အိုးခွက်ပန်းကန် လှဲလှယ် ဝယ်သူတယောက်ကတော့  ပေါက်ခေါင်းမြို့ကနေ ပြည်ဘက်ကိုအထွက် တောင်ဇင်း၀နားမှာလုယက်ခံခဲ့ရကာ ည ၉ နာရီ လောက်မှာလည်း တွန်းလှည်းနဲ့ ဝက်သားထုတ်ထိုးရောင်းသူတဦး လုယက်ခံခဲ့ရပါတယ်။

ဩဂုတ် ၂၉ ရက် ည ၁၀ နာရီလောက်မှာတော့  အမှတ်(၅၃)စစ်တပ်အနီး၊ စမ်းကလေးရွာက ဆန်စက်ကို လူတစုလာပြီးဓားပြတိုက်သွားက ရွှေ၊ ငွေနဲ့ ဆန်စက်က ဆန်အိပ်တွေကိုပါ ထော်လာဂျီနဲ့ သယ်ယူသွားပါတယ်။

ဒီမတိုင်ရက်ကတည်း ပေါက်ခေါင်းမြို့နယ် ကြက်ကုန်ကြီးကျေးရွာမှာ နေအိမ် ၂ အိမ်  ရက်ခြားပြီး ဓားပြတိုက်ခံခဲ့ရပါတယ်။

စမ်းကလေးရွာသားတယောက်က  “လူတွေငတ်နေကြတာ၊ တချို့ဆို ဆန်ပြုတ်သောက်နေရပြီ၊ တနေ့တုန်းကလည်း ဈေးထဲ ဈေးလာဝယ်တဲ့ အမျိုးသမီးတယောက်က ဆန် နို့ဆီဘူး နှစ်ဘူးလာဝယ်တယ်။ မေးကြည့်တော့ မိသားစုငါးယောက် ညမနက်စာ ဆန်ပြုတ်အတွက်တဲ့ ငတ်နေကြတာ”လို့ပြောပါတယ်။

ပေါက်ခေါင်းမြို့နယ်ထဲက ကျေးရွာတွေမှာ လုယက်မှုတွေ ဓားပြမှုတွေ များလာသလို လောင်းကစား ဝိုင်းတွေကလည်း အာဏာပိုင်တွေကိုငွေပေးပြီး ပေါ်ပေါ်တင်တင်လုပ် နေကြတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

ဒေသခံရွာသားတယောက်က  “စမ်းကလေးကျေးရွာမှာက နေ့တိုင်းလောင်းကစားဝိုင်းက လုပ်နေတာ။ ဖဲဝိုင်း၊ ဂျင်ဝိုင်း အစုံပဲ၊ တာလဘတ်ကြီးတွေမိုးပြီး ပေါ်တင်ပဲလုပ်နေတာ။ ဘယ်လောက်တောင် ပိုင်နေလဲမသိဘူး။ တရားဝင်လုပ်နေတာ။ ပေါက်ခေါင်းမြို့နဲ့ ဘာမှဝေးတာမဟုတ်ဘူး။ အဲ့ဒိတော့ လူတွေက ငတ်နေတဲ့အထဲ လောင်းကစားကလည်းရှိနေတော့၊ လူတွေလည်း ကြံမိကြံရာကြံပြီးလုပ်နေကြတာ။ ညနေဘက်ဆို ၇ နာရီ မထိုးသေးဘူး။ မြို့ထဲက မြို့လည်ခေါင်တောင် လူသွားလူလာ၊ ကားဆိုင်ကယ် အသွားအလာတောင်မရှိကြတော့ဘူး။ ကိုယ့်အိမ်ထဲကိုယ်နေတာတောင် မလုံခြုံကြတော့ဘူး၊ အခုက အရမ်းကို အတင့်ရဲနေကြတာ (၅၃) စစ်တပ်နားကရွာက ဆန်စက်တောင် အေးအေးဆေးဆေး  ထော်လာဂျီနဲ့တောင် လာလုရဲသေးတယ်”လို့ ပြောပါတယ်။

အလုခံရသူ၊ ဓားပြတိုက်ခံရသူတွေ အားလုံးက  ရဲစခန်းကို အယုံအကြည်မရှိလို့  မတိုင်ကြဘူးလို့လည်း ပေါက်ခေါင်းမြို့ခံ တယောက်က ပြောပါတယ်။

အခုလို လုယက်၊ ဓားပြမှုတွေနဲ့ ပတ်သက်ပြီး ပေါက်ခေါင်းမြို့မရဲစခန်းကို တယ်လီဖုံးနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းမှာ  ပြည်သူတွေ စားဝတ်နေရေး ခက်ခဲကျပ်တည်းလာသလို တဖက်မှာလည်း  ခိုး၊ ဆိုး၊ လု၊ နှိုက်၊ ဓားပြတိုက် စတဲ့ ရာဇဝတ်မှုတွေ ကိုပိုထူပြောလာကာ  တရားဥပဒေစိုးမိုးမှု မရှိတော့တဲ့ အခြေအနေဖြစ်လာနေပါတယ်။

6 hours Ago

April 2, 2020

COVID-19 ၁၅ ယောက်မြောက် လူနာ၏ မိသားစုကို ပေါက်ခေါင်းမြို့၌ Home Quarantine လုပ်စောင့်ကြည့်နေ

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံနေရတဲ့  ၁၅ ယောက်မြောက် လူနာ အမျိုးသမီးရဲ့ မိသားစုဝင်တွေကို ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့က နေအိမ်မှာ အသွားအလာကန့်သတ် စောင့်ကြပ်  Quarantine လုပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်က COVID -19 ရောဂါရှိကြောင်းအတည်ပြုထားတဲ့ ၁၅ ယောက်မြောက် လူနာနဲ့ ထိတွေ့ပတ်သက်ခဲ့ပြီး မိသားစုဝင်ဖြစ်တဲ့ ပေါက်ခေါင်းမြို့မှာ နေထိုင်သူ၊ ပေါက်ခေါင်းမြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သူ့မိသားစုဝင် ၃  ယောက် တို့ကို ဒီနေ့ မနက်ကစပြီး Home Quarantine လုပ်ထားလိုက်တာပါ။ သူတို့မိသားစုတွေအတွက် လိုအပ်တာတွေကိုတော့ ပြည်သူ့ကျမ်းမားရေးဌာန၊ ပရဟိတ အဖွဲ့တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ကူညီပေးထားပါတယ်။ ၁၅ ယောက်မြောက် ပိုးတွေ့လူနာဟာ ရန်ကုန်မြို့က နိုင်ငံခြားသားတွေကို ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့ ပုဂ္ဂလိက ဆေးခန်းတခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီး တဦးဖြစ်ပြီး သူ့အမျိုးသားက ပေါက်ခေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး တယောက်ဖြစ်ပါတယ်။ လူနာနဲ့ထိတွေ့ခဲ့တဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဟာ မတ်လ ၂၈ ရက်က ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ  COVID-19 ရောဂါ ကာကွယ်ကူညီရေး အစည်းအဝေးကိုလည်း ကိုယ်တိုင်တက်ရောက်ခဲ့တဲ့အပြင် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဋ ဌာနဆိုင်ရာတွေ စုစုပေါင်း လူ ၂၀ လောက် တက်ရောက်ခဲ့သေးတယ်လို့ ပေါက်ခေါင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောပါတယ်။ အခုစောင့်ကြည့်ခံရသူမိသားစုမှာ ၉ နှစ်အရွယ်သမီး တဦး ၁၁ နှစ်အရွယ်သားနဲ့ ၁၈ နှစ်အရွယ် တူမ တို့ပါဝင်ပြီး သူတို့ရဲ့ လည်ချောင်းတို့ပတ်၊အာခေါင်တို့ပတ်တွေကိုတော့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) NHL ဓါတ်ခွဲခန်းကို ဧပြီ ၁ ရက်က  ပို့လိုက်ပြီလို့ ပေါက်ခေါင်းမြို့နယ်ဆေးရုံအုပ်ကြီး  ဒေါက်တာသိမ့်သိမ့်ထွန်းက ပြောပါတယ်။ ပဲခူးတိုင်းအနောက်ခြမ်းက အုပ်ဖိုမြို့နယ်မှလည်း  ၈ ယောက်မြောက် COVID-19 လူနာနဲ့ တိုက်ရိုက်ထိတွေ့ခဲ့သူနဲ့ မိသားဝင် ၈ ယောက်တို့ ဧပြီ ၁ ရက်နေ့မှာပဲ နေအိမ်မှာ Home Quarantine လုပ် အသွားအလာ ကန့်သတ်ထားပါတယ်။
2 years Ago
Up