ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ လေပြင်းတိုက်ခတ်တာကြောင့် စက်လှေတိမ်းမှောက်ပြီး ငါးဖမ်းသမားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မေ ၂၁ ရက်နေ့လယ်ပိုင်းမှစတင်ကာ ရုတ်တရက် လေပြင်း တိုက်ခတ်ခဲ့တာကြောင့် မြေပုံမြို့နယ်က ငါးဖမ်းစက်လှေ ၁၈ စီးနဲ့ ခရီးသည်တင်စက်လှေ ၁ စီးနစ်မြုပ်ခဲ့ပြီး လူအသေအပျောက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပေါက်တော ကျောက်မောင်းရွာသားတဦးက “ဟုတ်တယ်။ မြေပုံနဲ့ ကျောက်ဖြူက ငါးဖမ်းဘုတ်တွေ နစ်မြုပ်ခဲ့ပေမယ့် အသေအပျောက်မရှိခဲ့ကြလို့ ဝမ်းသာနေကြတာ။ ပေါက်တောမှာ အဲဒီနေ့ကပဲ ငါးဖမ်းစက်လှေနစ်မြုပ်ပြီး သူတို့ ၂ ယောက်ပျောက်နေတာ မနေ့က မှ အလောင်းရှာတွေ့လို့ ရွာမှာပဲ သင်္ဂြိုဟ်လိုက်ကြတယ်” လို့ ပြောပါတယ်။
သေဆုံးသွားသူတွေကတော့ ပေါက်တောမြို့နယ် ကျောက်မောင်းကျေးရွာက ကိုငယ်မောင်ချေ (၂၈ နှစ်) နဲ့ ကိုနုစိန်အောင် (၂၅ နှစ်) တို့ ဖြစ်ကြပြီး ကိုငယ်မောင်ချေမှာ ဇနီးနဲ့ သားသမီး ၅ ဦး၊ ကိုနုစိန်အောင်မှာတော့ ဇနီးနဲ့ သမီး ၂ ဦးကျန်ရှိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ ၂ ဦးဟာ မေ ၂၁ ရက် ညနေပိုင်းက ပေါက်တောမြို့နယ် နဲ့ မြေပုံမြို့နယ်ကြားရှိ မြစ်ပြင်မှာ ငါးဖမ်းစက်လှေငယ်တစီးနဲ့ ပိုက်ချနေကြစဉ် ရုတ်တရက် လေပြင်း တိုက်ခတ်ခဲ့တာကြောင့် စက်လှေတိမ်းမှောက် ပျောက်ဆုံးသွားပြီး မေ ၂၂ နေ့မှာ ငါးဖမ်းသမားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ ပြန်တွေ့ခဲ့တာပါ။
ဓာတ်ပုံ - ကိုညီဒေါင်းချေ
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အခြေခံပညာကျောင်းတွေက ဆရာ ဆရာမ ၁၅ ဦးကို အကြမ်းဖက်စစ်အုပ်စုက တာဝန်ကနေ ယာယီရပ်နားလိုက်ပါတယ်။
အထက်တန်းပြ ၇ ဦး၊ အလယ်တန်းပြ ၅ ဦး ၊ မူလတန်းပြ ၂ ဦးနဲ့ လက်ထောက်တ မူပြတစ်ဦး စုစုပေါင်း ၁၅ ဦးကို တာဝန်ကနေရပ်ဆိုင်းလိုက်တာလို့ ပြည်နယ်ပညာရေးမှူးကိုယ်စား ဒုညွှန်ကြား ရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်းက မေလ ၁၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အဆိုပါ ဆရာ ဆရာမတွေဟာ ခွင့်စည်းကမ်းကိုဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခဲ့တာ၊ လုံလောက်တဲ့ အကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်နေတယ်ဆိုကာ မေလ ၇ ရက်နေ့ကစပြီးတာဝန်က ယာယီရပ်နားလိုက်တာလို့လည်းဆိုပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ စာသင်ကျောင်းတွေကို ဇွန်လဆန်းမှာ ပြန်ဖွင့်ဖို့ စီစဉ်နေသလို CDM ဆရာဆရာမတွေကိုလည်း ဖမ်းဆီးတာ၊ အမှုဖွင့်တာ၊ အလုပ်ရပ်နားတာ၊ အလုပ်ပြန်လုပ်ဖို့ ဖိအားပေးတာ ခြိမ်းခြောက်တာ စတဲ့ နည်းမျိုးစုံနဲ့ ပြုလုပ်နေပါတယ်။