close

ပေါက်တော

close

May 8, 2023

ပေါက်တော မွတ်စလင် ဒုက္ခသည်စခန်း မီးလောင်၊ အိမ်ခြေ ၄၃၀ ပျက်စီးဆုံးရှုံး

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ မေလ ၇ ရက် ညနေပိုင်းက  မွတ်စလင် ဒုက္ခသည်စခန်းတခု မီးလောင်မှုဖြစ်ပွားပြီး အိမ်ခြေ ၄၃၀ မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်တောမြို့နယ် မင်းသာဖ(မူစလင်)ရွာမှာ မနေ့ ညနေ ၅ နာရီကျော်လောက်မှာ ဦးအီလီယာချေနေအိမ်မှာ ထမင်းချက်ရာကနေ တဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကာ အချိန် ၂ နာရီကျော်လောက်ကြာအောင် မီးလောင်ခဲ့တယ်လို့ ပေါက်တောမြို့နယ် ဒေသခံတယောက်က ပြောပါတယ်။

မင်းသာဖ ကျေးရွာကနေ တဆင့် ကြိမ်နွယ်ပင် မွတ်စလင် ဒုက္ခသည်စခန်းကို မီးကူးစက်လောင်ကျွမ်းကာ အိမ်ခြေစုစုပေါင်း ၄၃၀ မီးလောင်ပြာကျခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “အဲဒီကြိမ်နွယ်ပင်မှာ အိမ်ခြေအားလုံးတော့ မီးလောင်တာမဟုတ်ဘဲ နေအိမ် ၈ လုံး တတွဲ အတွဲလိုက်တွေ လောင်တာဆိုတော့ မီးဘေးသင့် ဒုက္ခသည်တွေကတော့ ကျန်ရှိနေတဲ့ နေအိမ်တွေနဲ့ နီးစပ်ရာဆွေမျိုးတွေဆီမှာ ခိုလှုံနေကြရတယ်”လို့ ပြောပါတယ်။

ကြိမ်နွယ်ပင် ဒုက္ခသည်စခန်းမှာ ၂၀၁၅ ခုနှစ်မှာ ၁ ကြိမ်၊ ၂၀၁၈ ခုနှစ်မှာ ၁ ကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တချို့ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင် ဦးအီလီယာချေကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက တရားဥပဒေနဲ့ အညီအရေးယူဆောင်ရွက်ဖို့ စီစဥ်နေပါတယ်။

5 mins Ago

April 29, 2023

ပေါက်တောတွင် ဆိုင်မီးလောင်ပြီး သားအမိ ၂ ဦးသေဆုံး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ညောင်ပင်ချိုင်ကျေးရွာမှာ ဧပြီ ၂၈ ရက်နေ့ညနေက ဓာတ်ဆီဘူး၌ ဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားပြီး သားမိ ၂ ဦး သေဆုံးခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

မီးလောင်မှုကြောင့် သေဆုံးသွားသူများမှာ ဒေါ်သန်းနွဲ့ (၅၃နှစ်) နဲ့ သမီးဖြစ်သူ မနန္ဒလင်း (၂၂နှစ်) တို့ဖြစ်ကြပါတယ်။

အခုသေဆုံးမှုဖြစ်ပွားခဲ့တဲ့ နေအိမ်မှာ ကုန်စုံဆိုင်ရောင်းကြပြီး ဓာတ်ဆီဂါလန်ဘူးမှ ၁လီတာရေသန့်ပုလင်းကို ဖြည့်နေစဉ်မှာ မီးဖိုက မီးကူးပြီး လောင်ကျွမ်းသွားတာလို့ ညောင်ပင်ချိုင်ကျွေးရွာသားတဦးက ပြောပါတယ်။

"သူတို့ရဲ့ အိမ်မှာက ကုန်စုံဆိုင်ရောင်းတယ်။ မနေ့ညနေ့ပိုင်း ၇ နာရီလောက်မှာ သမီးဖြစ်သူက ထမင်းချက်နေတာလို့ သိရတယ်။ အမေဖြစ်သူက ဂါလန်ဘူးကြီးက ဓာတ်ဆီတွေကို ၁ လီတာရေသန့်ပုလင်းတွေမှာ ဖြည့်နေတာ။ မီးဖို့နဲ့လည်း သိပ်နီးတာမဟုတ်ဘူး။ မနေ့ကတော့ လေကပြင်းတော့ မီးက လေအဟုန်းနဲ့ ကူစက်သွားနိုင်တာဖြစ်ဖို့များတယ်။ အဲဒီမှာ ဓာတ်ဆီးဘူးကြီးက မီးလောင်ပြီး ထပေါက်တော့ အဲဒီက တဆင့်မီးလောင်ကျွမ်းမှုဖြစ်သွားတာဖြစ်တယ်။ အစတော့ သမီးဖြစ်သူက ကြောက်ပြီး ထွက်ပြေးလာတာ အပြင်ရောက်တော့ အမေဖြစ်သူ ကျန်ခဲ့တာသိတော့ သွားကယ်တာမှာ မီးထဲက ထွက်မရောက်နိုင်တော့ဘဲ သေဆုံးသွားကြတာဖြစ်တယ်။" 

အဲဒီမီးလောင်မှုကို ရွာသားတွေက ဝိုင်းဝန်ငြှိမ်းသတ်ခဲ့တာကြောင့် တခြားအိမ်တွေကို ကူးစက်မှု မရှိခဲ့ဘဲ ည ၈ နာရီလောက်မှာ မီးငြိမ်သွားတယ်လို့ ရွာသားတွေကပြောပါတယ်။

အခုသေဆုံးသွားတဲ့ သားအမိ ၂ ဦးရဲ့ ရုပ်အလောင်းတွေကို ဧပြီ ၂၉ ရက်နေ့မှာ မြှုပ်နှံသွားမယ်လို့ သိရပါတယ်။

မနန္ဒလင်းဟာ စစ်တွေ တက္ကသိုလ်မှာ သမိုင်းမေဂျာအထူးပြုနဲ့ ပညာသင်ကြားနေတာဖြစ်ပြီး နွေရာသီကျောင်းပိတ်ထားတာကြောင့် အိမ်ကိုရောက်နေတာလို့ ရွာသားတွေက ပြောပါတယ်။

မီးလောင်မှုဖြစ်သွားတဲ့ အိမ်မှာ သွပ်မိုး၊ ဝါးထရံကာ မြေထိုင်အိမ်တစ်အိမ်နဲ့ ကုန်စုံဆိုင်တစ်ဆိုင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး သိန်း ၂၀၀ နီးပါးခန့်ရှိနိုင်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ မတ် ၃၁ ရက်နေ့အထိ မီးလောင်မှု ၃၄ ကြိမ် ဖြစ်ပွားခဲ့ပြီး နေအိမ် ၄၀ ကျော်နဲ့ ဆိုင်ခန်းတချို့ပျက်စီးခဲ့ကာ ဘုန်းကြီး ၁ ပါးအပါဝင် လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်မှာ မီးလောင်မှု ဖြစ်ပွားမှုကြောင့် အခုသေဆုံးသူ ၂ ဦးအပါဝင် သေဆုံးသူ ၆ ဦးအထိရှိလာပြီ ဖြစ်ပါတယ်။

နွေရာသီမှာ ရာသီဥတုပူပြင်းလာတာကြောင့် မီးအန္တရာယ်အထူး သတိပြုကြဖို့ ပြည်နယ်မီးသတ်ဦးစီဌာနက ဆော်သြော်တာတွေရှိနေပါတယ်။

1 week Ago
Up