မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာ ဒီနေ့ မတ် ၁၄ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ဖလပ်ရပ်ကွက် ပြည်သူ့စစ်အဖွဲ့ဝင် အသက် ၅၀ အရွယ် ဦးကျော်စိုးမိုးဟာ ဥတ္တံတားကျေးရွာကနေ နေအိမ်ကို ဆိုင်ကယ်နဲ့ပြန်လာစဉ် အမည်မသိ အမျိုးသား ၂ ဦးက ဆိုင်ကယ်နဲ့လိုက်လာပြီး အနောက်ကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦးကျော်စိုးမိုးဟာ နားထင်၊ ဝမ်းဗိုက်နဲ့ ဆီးခုံတို့မှာ သေနတ်ဒဏ်ရာ ၅ ချက်ရပြီး အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
သေဆုံးသွားတဲ့ ဦးကျော်စိုးမိုးဟာ ရာအိမ်မှူးတဦးဖြစ်သလို ဌာနဆိုင်ရာရုံးတွေမှာလည်း မှတ်ပုံတင်နဲ့ ယာဉ်လိုင်စင်တွေ လုပ်ဆောင်နေတဲ့ ပွဲစားတဦး ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ဦးကျော်စိုးမိုးရဲ့အလောင်းကို လူနာတင်ယာဉ်နဲ့ ပေါင်မြို့နယ် ပြည်သူ့ဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဦးကျော်စိုးမိုး ပစ်သတ်မခံရမီ ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက တက္ကသိုလ်ဝင်တန်း ဖြေဆိုနေတဲ့ ပေါင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းကို လာရောက်စစ်ဆေးထားတာကြောင့် လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၀ ရက်ကလည်း ဖလပ်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ ဇင်းကျိုက်နယ်မြေရဲစခန်းက ရဲတပ်သား မောင်ကိုကိုနဲ့ ရဲတပ်သား ခိုင်ဇော်ထွန်းတို့နှစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်းကျေးရွာနေ ပေါင်မြို့နယ်ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီဟာ ဖေဖော်ဝါရီ ၁၅ ရက် ဒီမနက် ၇ နာရီလောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီကို အထူးစစ်ဆင်ရေးအဖွဲ့ (SOF) က ရင်းငြိမ်းကျေးရွာရှိ ငွေလျံလက်ဖက်ရည်ဆိုင်အတွင်း သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီဟာ ဦးခေါင်၊ ရင်ဘတ်နဲ့ ဆီးခုံတွေမှာ သေနတ်ဒဏ်ရာတွေရရှိပြီး အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီဟာ “PDF တွေကို ကုပ်ဆွဲပြီးဖမ်းပြမယ်”လို့ ကြိမ်းဝါးထားသလို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ဒေသခံလူငယ်တွေကို ဖမ်းဆီးတာ၊ ခြိမ်းခြောက်ငွေညှစ်နေတာတွေကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ အထူးစစ်ဆင်ရေးအဖွဲ့ (SOF) က ထုတ်ပြန်ထားပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီဟာ စစ်ကောင်စီ တပ်မ-၄၄ ရဲ့ စစ်မှုထမ်းဟောင်းတဦး ဖြစ်သလို စစ်တပ်အာဏာသိမ်းပြီးနောက် ပျူစောထီးအဖွဲ့ဝင်တွေကို သင်တန်းပေးရာမှာ အဓိကဦးဆောင်နေသူဖြစ်တယ်လို့ အထူးစစ်ဆင်ရေးအဖွဲ့ (SOF) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီ သေဆုံးပြီးနောက် စစ်ကောင်စီတပ်က ရင်းငြိမ်ကျေးရွာနဲ့ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့သလို သေနတ်ပစ်ဖောက်မှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အထူးစစ်ဆင်ရေးအဖွဲ့ (SOF) ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကလည်း ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်နေ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပေါင်မြို့နယ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးကိုကိုလေးကို ပစ်ခတ်ရှင်းလင်းထားပါတယ်။