ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ လဲပင်ကျေးရွာမှာ စစ်ကောင်စီတပ်က မိုင်းတွေထောင်ထားခဲ့တာကြောင့် ဒေသခံ PDF အဖွဲ့ကရှင်းလင်းပေးခဲ့ပြီး ဒေသခံတွေကိုလည်း မိုင်းအန္တရာယ် သတိပေးထားရပါတယ်။
လဲပင်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ စစ်ကောင်စီတပ်တွေက ရက်ပေါင်းများစွဦ စခန်းချနေထိုင်ခဲ့ပြီး မေလဆန်းလောက်မှာ တပ်ပြန်ရုပ်သိမ်းသွားခဲ့ပေမဲ့ ဘုန်းကြီးကျောင်းနဲ့ နေရာတချို့မှာ မိုင်းထောင်သွားခဲ့တာဖြစ်ပါတယ်။
ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက်က ''ပြီးခဲ့တဲ့ သုံးလေးရက်လောက်က ပထမတခါ သွားကြည့်တော့ ဘုန်းကြီးကျောင်းမှာ မိုင်းတွေ့တယ်။ နင်းမိုင်းပါတွေ့တော့ ဘာမှမလုပ်ရဲသေးလို့ ရွာနဲ့ဘုန်းကြီးကျောင်း နေရာတွေမှာ သတိပေးစာတွေ ရေးပြီး ပြန်လာခဲ့တယ်။ ဒါပေမဲ့ ဒီအတိုင်းလည်းထားခဲ့လို့မရတာကြောင့် ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့မှာ သွားရှင်းတာပေါ့ ရှင်းတယ်ဆိုတာကလည်း အဲ့ဒါကို ပထမ သေနတ်နဲ့ ၃ ချက်လောက်ပစ်ပြီးခွဲကြည့်တာ။ မကွဲဘူး မကွဲတော့ အဲ့ဒီနေရာကို ဂွထောက်နဲ့ လုပ်ပြီးတော့ ဗုံးထဲကို သဲတွေထည့် ထည့်ပြီး ကြိုးနဲ့ဆွဲပြီး အဝေးကိုရောက်မှ အမြင့်ကနေလွှတ်ချလိုက်တာပေါ့။ ကွဲသွားပါတယ်။ ဒါပေမဲ့ ဘယ်နှစ်လုံးထောင်ခဲ့တယ်၊ ဘယ်နေရာတွေမှာထောင်ခဲ့တယ်ဆိုတာကို ဆက်မရှာနိုင်သေးဘူး။ ရွာထဲတွေမှာလည်းရှိနေနိုင်သေးတယ်”လို့ ပြောပါတယ်။
ရွာကဒေသခံတချို့နဲ့ ပူးပေါင်းပြီး ရွာထဲက မိုင်းတွေရှိနိုင်မယ့်နေရာတွေကို လိုက်ရှာရှင်းလင်းဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းက စစ်ကောင်စီတပ်နဲ့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်တို့ ပဲခူးရိုးမပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲဖြစ်ရာနေရာအနီး ပဲခူးရိုးမတောင်ခြေမှာရှိတဲ့ လဲပင်ကျေးရွာကို မတ်လ ၁၅ ရက်မှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး PDF တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုကာ နေအိမ် ၁၆ လုံးကို မီးရိူ့ဖျက်ဆီးခဲ့ပါတယ်။
လဲပင်ကျေးရွာမှာ အိမ်ခြေ ၁၆၀ ကျော်ရှိပြီး စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါးဖြစ်တဲ့ ရွာသား ၄၅၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရကာ အခုချိန်ထိ နေရပ်သို့ မပြန်ရဲကြပဲ နီးစပ်ရာကျေးရွာတွေမှာ ခိုလှုံနေကြရကာ စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲတွေရှိနေပါတယ်။
ရွာကနေထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေထဲက ၂၀၀ ကျော် ကိုတော့ သိမ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းက လက်ခံထားခဲ့ပေမဲ့ ရေရှည်မှာ စစ်ကောင်စီကလိုက်လံ ဖမ်းဆီးမှာကို စိုးရိမ်ကြတာကြောင့် နောက်ပိုင်းမှာတော့ နီးစပ်ရာကျေး၇ွာတွေနဲ့ တောထဲတောင်ထဲတွေမှာ ပုန်းခိုနေကြရပါတယ်။.
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့ညက စစ်ကောင်စီရဲ့ အဓိက စီးပွားရေး ဒေါက်က်တိုင်တစ်ခုဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင် တစ်တိုင် မိုင်းခွဲဖျက်ဆီးခံရတယ်လို့ သိရပါတယ်။
ပေါင်းတည်မြို့နယ်မြောက်ဘက် တောင်ပေါ်ဒေသ သိမ်ကုန်ကျေးရွာက မိုင်တဲလ်တာဝါတိုင်ကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ည ၁၀ နာရီလောက်မှာ ပေါင်းတည် PDF က မိုင်းခွဲဖျက်ဆီးခဲ့တာကြောင့် စက်ခန်းမီးလောင်ပျက်စီးသွားတယ်လို့ ပေါင်းတည် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မိုင်တဲလ် ဆက်သွယ်ရေးလုပ်ငန်းဟာ စစ်ကောင်စီကို အဓိက ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနေတဲ့လုပ်ငန်း ဖြစ်သလို ပြည်သူလူထုဆီကနေ မတရားကုတ်သွေးစုပ် အမြတ်ထုတ်ပြီး အင်တာနက် Data စျေးနှုန်းတွေ အဆမတန် ကောက်ခံနေတာကြောင့် ဖောက်ခွဲ ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
ပေါင်းတည် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက "ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF အနေနဲ့ အကြမ်းဖက်စစ်ကောင်စီထောက်တိုင်တွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်တွေကိုလည်း ပြတ်ပြတ်သားသား ချေမှုန်းတိုက်ခိုက်သွားမှာဖြစ်တယ်" လို့ ပြောပါတယ်။
ပေါင်းတည်မြို့ ကြူတော်ကုန်းသုသာန်က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုလည်း ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့က မိုင်းထောင်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။