close

ပေါင်းတုတ်ကျေးရွာ

close

December 31, 2022

မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာတွင် မီးလောင်၊ နေအိမ် ၅ လုံး ဆုံးရှုံး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ် မူဆလင်ကျေးရွာမှာ ဒီဇင်ဘာ ၃၀ ရက် ည ၈ နာရီခွဲလောက် မီးလောင်မှု​ဖြစ်ပွားပြီး နေအိမ် ၅ လုံး ဆုံးရှုံးခဲ့တယ်လို့ ကျေးရွာဒေသခံတွေက ပြော ပါတယ်။

"ည ၈ နာရီခွဲလောက်မှာ စလောင်တာ၊ ၉ နာရီခွဲလောက်မှာမှ ရွာသူရွာသားတွေ ဝိုင်းဝန်းပြီး မီးငြှိမ်းသတ်ကြလို့ မီးငြိမ်းသွားတယ်။ မီးသတ်ကားလာတာ နောက်ကျပါတယ်။ မဟုတ်ရင် အိမ် ၅ လုံးအထိ မီးမလောင်မီ တားဆီးကာကွယ်နိုင်မှာပါ" လို့ ကျေးရွာသားတဦးက ပြောပါတယ်။

ဦးရှော်အီးနာနေအိမ်ရဲ့ မီးကြွင်းမီးကျန်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ဆိုပါတယ်။

"ပေါ့ဆမီးပါ။ ထမင်းချက်ပြီးလို့ ထားခဲ့တဲ့ မီးကြွင်းမီးကျန်ကနေ မီးလောင်မှုဖြစ်ခဲ့တာ။ လူတွေတော့ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး" လို့ အဆိုပါကျေးရွာသားက ဆက်ပြောပါတယ်။ 

လက်ရှိမှာ မီးလောင်သွားခဲ့တဲ့ နေအိမ် ၅ အိမ်မှ မိသားစုတွေ နီးစပ်ရာဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ ယာယီနေထိုင်ကြတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက် မနက် ၁ နာရီခွဲကလည်း စစ်ဘေးရှောင်တွေ ခိုလှုံနေကြတဲ့ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်ရှိ ပညာပါရမီ ဘုန်းတော်ကြီးကျောင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျောင်းဆောင် ၁ ဆောင်နဲ့ ကယ်ဆယ်ရေး အဆောင် ၂ ဆောင် မီးလောင်ဆုံးရှုံးသွား​ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃ဝ ရက်နေ့ကလည်း စစ်တွေမြို့၊ အင်ဘာလာရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၄ အိမ်ဆုံးရှုံးခဲ့သလို စက်တင်ဘာ ၁၁ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာ ဈေးမီးလောင်မှု​မှာ  နေအိမ် ၁၅ လုံး၊ ဆိုင်ခန်း ၃၅ ခန်း မီးလောင်ကျွမ်းသွားခဲ့ရပြီး လူပေါင်း ၈၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်မီးသတ်ဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဓါတ်ပုံ= ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့

10 mins Ago
Up