close

ပေါ်တူဂီတောမီး

close

August 1, 2022

ပေါ်တူဂီတောမီး မထိန်းချုပ်နိုင်သေး

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းရဲ့တောင်ပိုင်း မာဖရာနယ်မြေမှာ အကြီးအကျယ် တောမီးလောင်နေတာ ဇူလိုင် ၃၁ ရက် ညပိုင်းအထိ မထိန်းချုပ်နိုင်သေးပါဘူး။ 

ညနေ ၃ နာရီလောက်မှာ မီးစလောင်ပြီး ဒေသထဲမှာ အပူချိန်မြင့်မားတာနဲ့ လေပြင်း တိုက်ခိုက်နေတာကြောင့် မီးကို ငြှိမ်းသတ်ဖို့ ခက်ခဲနေပါတယ်။ 

အာဏာပိုင်တွေဟာ လမ်းတွေကို ပိတ်ထားပြီး အနီးနားက စောင့်ရှောက်ရေးဂေဟာတခုမှာ နေထိုင်သူတွေကို ကယ်ထုတ်ခဲ့ရပါတယ်။ အနီးနား နေထိုင်သူတွေကလည်း မီးဘေးကြောက်လို့ အိမ်တွေကို စွန့်ခွာသွားကြပါတယ်။ 

မာဇရာနယ်မြေမှာ လောင်ကျွမ်းနေတဲ့ မီးကို လစ္စဘွန်းမြို့လယ်ကနေ လှမ်းမြင်နေရတယ်လို့ သတင်းတွေက ဆိုပါတယ်။ 

တခြား ဥရောက နိုင်ငံတွေလိုပဲ မြင့်မားတဲ့ အပူချိန်နဲ့ ရင်ဆိုင်နေရတဲ့ ပေါ်တူဂီမှာ လွန်ခဲ့တဲ့ ၂ ပတ်ကလည်း အာရမ်း နယ်မြေမှာ ဟက်တာ ၂ ထောင်ကျော် တောမီးလောင်ခဲ့ပြီး တနိုင်ငံလုံးက မီးသတ်သမား တထောင်ကို သုံးပြီး မီးငြှိမ်းသတ်ခဲ့ရပါတယ်။ 

မိုးဇလဌာနကတော့  မြောက်ပိုင်းကမြို့နယ် သုံးခုကို ဩဂုတ် ၁ ရက်မှာ အပူချိန်မြင့်မားမှုဟာ အန္တရာယ်ရှိတဲ့ အနီရောင်အဆင့် သတ်မှတ်ထားပါတယ်။

12 mins Ago
Up