တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းပိုင်း ပိတောက်ကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ယာဉ်တန်းကို ဇူလိုင် ၁၂ ရက် ညနေ ၅ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့ (PDF-TYC) တာဝန်ရှိသူက ပြောပါတယ်။
“အရင်တနေ့က သတင်းအရဆို ယာဉ်တန်းဆင်းမယ်လို့ပဲ ကြားထားတာ။ အခုက လမ်းကင်းကို ခြံစည်းရိုးလို ချထားတယ်။ အကောင်ကြီးကြီးယာဉ် ဖြစ်နေတယ်။”
ပုလောမှ ထားဝယ်ဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားအပြည့်တင်ဆောင်ပြီး တက်လာတဲ့ စစ်ကောင်စီတပ်ယာဉ် ငါးစီးအနက် နှစ်စီးထိမှန်ခဲ့ပြီး ထိခိုက်ကျဆုံးမှု များနိုင်တယ်လို့ ဆိုပါတယ်။
“မိုင်းက ပဒေသာမိုင်းမို့ ထိခိုက်မှုက များနိုင်တယ်ဗျ။ အရေးပေါ်ကားနဲ့ ပုလောဘက်ကို သယ်နေတာတော့ရှိတယ်။ သရက်ချောင်းဘက်လည်း တက်တယ်။ စာရင်းအတိအကျတော့ အတည်မပြုနိုင်သေးဘူး။”
အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် အရာရှိတယောက် အပါအဝင် စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့ပြီး ၁၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတယောက်ကပြောပေမဲ့ အတည်ပြုနိုင် ခြင်းတော့ မရှိပါဘူး။
မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ နီးစပ်ရာ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဇူလိုင် ၁ ရက်ကလည်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က ပုလောဘက်ကနေ မောင်းနှင်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ပိတောက်ကြီးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား တွေ သေဆုံးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။