close

ပဲခူးမြို့

close

May 7, 2023

ပဲခူးမြို့တွင် ဝါယာရှော့ကြောင့် နေအိမ် ၉ လုံး မီးလောင်ဆုံးရှုံး

ပဲခူးမြို့ ဇောင်းတူကျေးရွာ၊ ကွမ်းတန်းလမ်းရှိ နေအိမ်တလုံးမှ မတ် ၇ ရက် မနက် ၂ နာရီကျော်က ဒေါ်တင်လှပိုင်‌နေအိမ် မီတာဘုံးမှတဆင့် ဝါယောရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၉ လုံး ဆုံးရှုံးခဲ့တယ်လို့ နယ်ခံတွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ 

မီးသတ်တပ်ဖွဲ့ဝင်တဦးက "ညက လျှပ်စစ်မီး လာလိုက်ပျက်လိုက် ခဏခဏဖြစ်တယ်။ ရာသီဥတုကလည်းပူတော့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို မပိတ်ဘဲ အိပ်ကြတာများတယ်။ ပန်ကာကတော့ တောက်လျှောက်ဖွင့်ထားကျတာ မီတာဘုံးက စလောင်တာ” လို့  ပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး ပျဉ်ကာ နှစ်ထပ်အိမ် ၉ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး မီးဘေးသင့်သူ ၃၂ ဦး ရွာခံဘုန်းကြီးကျောင်းမှာ နေထိုင်နေရတယ်လို့  ဆိုပါတယ်။

နေအိမ် မီးလောင်ဆုံးရှုံးခဲ့သူတဦးက "မီးစတင်လောင်ကျွမ်းတဲ့ အိမ်ရှင်ကိုတော့ ဖမ်းဆီး စစ်ဆေး နေတယ်။ လတ်တလော အကူအညီတော့ လိုတာပေါ့။ စားရေးသောက်ရေးကို ရွာဘုန်းကြီးကပဲ တာဝန်ယူထားရတာ။ အိပ်ကောင်းတဲ့ အချိန်ကြီး မီးကလောင်တော့ တန်ဖိုးရှိတဲ့ ပစ္စည်းတောင် မသယ်နိုင်ခဲ့ဘူး” လို့ ပြောပါတယ်။

မီးလောင်ကျွမ်းမှုကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေကား ၅ စီး၊ ရေသယ်ယာဉ် ၂ စီးနဲ့ အချိန် ၁ နာရီ ကြာငြှိမ်းသတ်ခဲ့ရပြီး ကာလတန်ဖိုး ၈၃ သိန်းကျော် ဆုံးရှုံးခဲ့ကာ လူနဲ့တိရစ္ဆာန် ထိခိုက်မှု မရှိဘူးလို့ သတင်းထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်ကလည်း ပဲခူးမြို့ ၊ မြို့တွင်းကြီးရပ်ကွက်မှာ ရေခဲသေတ္တာ အပူလွန်ပြီး မီးလောင်ခဲ့ရာမှ ဆိုင်ခန်းတွဲ ၅ ခန်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

12 mins Ago

April 5, 2023

ပဲခူးမြို့က ဗဟိုမဏ္ဍပ်ဆောက်နေသည့်နေရာတွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်

ပဲခူးမြို့မှာ လာမယ့် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲတော်အတွက် ဗဟိုမဏ္ဍပ် ဆောက်နေတဲ့ ပြည်တော်သာလမ်းထိပ်ရှိ ပဲခူးတိုင်း အစိုးရအဖွဲ့ရုံးရှေ့မှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပြီး လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို စစ်ဆေးနေပါတယ်။ 

မဏ္ဍပ်ဆောက်လုပ်ရေးနားမှာ ခွင့်ပြုချက်မရဘဲ ဓာတ်ပုံလာရိုက်တဲ့သူတွေကိုလည်း ပစ်ခတ် ဖမ်းဆီးမယ်လို့ အစောင့်စစ်သားတွေက ပြောထားကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

အဲဒီနေရာမှာ စစ်သားနဲ့ရဲ အင်အား ၁၅ ယောက် လောက်က နေ့ရောညပါ အလှည့်ကျကင်းစောင့်နေပြီး အလုပ်သမားတွေကိုလည်း သင်္ကြန်ရက်အမီ မဏ္ဍပ်အမြန်ဆုံး ပြီးစီးဖို့ အခုလို အပူချိန်မြင့်မားတဲ့အချိန်မှာ ထမင်းချိန်တချိန်သာ အနားပေးပြီး ညနေ ၆ နာရီလောက်ထိ အလုပ်လုပ်နေရတယ်လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

အဆိုပါမဏ္ဍပ်ကို စစ်ကောင်စီနဲ့ပတ်သက်တဲ့ ပဲခူးမြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်တွေ စုပေါင်းပြီး ဆောက်လုပ်နေတာဖြစ်သလို  ပြီးခဲ့တဲ့ မတ် ၁၉ ရက်ကတည်းက စစ်ကောင်စီ ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေက ဗဟိုမဏ္ဍပ် တည်ဆောက်ရေးအတွက်ဆိုပြီး ရပ်ကွက်တွေထဲမှာ တအိမ်ကို ကျပ် ၁၀၀၀ လိုက်လံကောက်ခံသွားတယ်လို့ ကျောက်ကြီးစုရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

ပဲခူးမြို့က ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ဘေးရှောင်တွေကို စာနာသောအားဖြင့် စစ်ကောင်စီကကျင်းပမယ့် ဟန်ပြသင်္ကြန်မှာ မပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

1 month Ago
Up