close

ပဲခူး-သနပ်ပင်ကားလမ်း

close

November 20, 2022

ပဲခူး-သနပ်ပင်ကားလမ်းပေါ်ရှိ စျေးဆိုင်ခန်းများ မီးလောင်

ပဲခူးတိုင်း၊ ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်၊  ပဲခူး-သနပ်ပင် ကားလမ်းမပေါ်ရှိ စျေးဆိုင်ခန်းတွေမှာ နိုဝင်ဘာ ၂၀ ရက် ဒီမနက်အစောပိုင်းက မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပဲခူး-သနပ်ပင် ကားလမ်းမပေါ်မှာဖွင့်လှစ်ထားတဲ့ စျေးဆိုင်ခန်းတွေထဲက  ဆိုင်ခန်းအမှတ် (၈/၉) ကနေ ဒီနေ့ မနက် ၁ နာရီခွဲလောက်က ရေခဲသေတ္တာ အပူလွန်ကဲရာကနေ မီးစလောင်ခဲ့တယ်လို့ ရပ်ကွက်နေသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဦးမြင့်ဝင်းဆိုင်က စလောင်တာ ရေခဲသေတ္တာ ကွန်ပရက်ဆာ အပူလွန်ပြီးလောင်တာ။ ဆိုင်ခန်း တော်တော်လေး ပါသွားတယ်။”

အဆိုပါ မီးလောင်မှုကို ပဲခူးမြို့နယ်ထဲက မီးသတ်စခန်းတွေက မီးငြိမ်းသတ်ယာဥ်၊ ရေသယ်ယာဥ် ၁၄ စီးနဲ့ မိနစ် ၅၀ ကြာအောင် မီးငြှိမ်းသတ်ခဲ့ရပြီး   မနက် ၂ နာရီ မိနစ် ၂၀ လောက်မှာ မီးငြိမ်းသွားတယ်လို့  မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။

"ရေခဲသေတ္တာ အပူလွန်ကဲရာကနေ မီးလောင်တာ အဲဒီကတဆင့် စာရေးကိရိယာဆိုင်ကို မီးကူးပြီး လောင်တာ ဆိုင်ကြီး ငါးဆိုင်လောင်သွားတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ တွက်နေတုန်းပါ။”

မီးလောင်မှုဖြစ်စဥ်နဲ့ပတ်သတ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ ဆိုင်ရှင်ဦးမြင့်ဝင်းကို ပဲခူးမြို့မ ရဲစခန်း က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ 

Photo- MFSD

1 min Ago
Up