close

ပဲရစ်

close

February 23, 2022

ယူကရိန်းသို့ ရုရှားတပ်များ စေလွှတ်မှုကို ဘာလင်နှင့်ပဲရစ် ရုရှားသံရုံးများရှေ့ ကန့်ကွက်ဆန္ဒပြ

ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ရုရှားသံရုံးရှေ့မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က လူတွေရာနဲ့ချီစုဝေးခဲ့ပြီး ယူကရိန်းဒေသနှစ်ခုထဲ ရုရှားတပ်တွေ စေလွှတ်မှုကို ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ 

ဆန္ဒပြသူတွေက “စစ်ပွဲတွေ ရပ်ပါ၊ ပူတင် ကျူးကျော်မှု ရပ်ပါ၊ ယူကရိန်းအရေး သွေးစည်းညီညွတ်ကြပါ” ဆိုတဲ့ ပိုစတာတွေနဲ့အတူ ယူကရိန်းအလံတွေ ကိုင်ဆောင်ခဲ့ပါတယ်။ 

ဘာလင်ရှိ ယူကရိန်းတွေကလည်း သွေးထွက်သံယိုပဋိပက္ခတွေ ဖြစ်လာမှာကို စိုးရိမ်ကြောင်း ပြောပါတယ်။ 

ခွဲထွက်သူပုန်တွေ ထိန်းချုပ်ထားတဲ့ ယူကရိန်းဒေသနှစ်ခုကို ရုရှားသမ္မတပူတင်က အသိအမှတ်ပြု လက်မှတ်ထိုးခဲ့ပြီး နောက်ရက်မှာ ရုရှားပါလီမန်ကလည်း အတည်ပြုပေးခဲ့ပါတယ်။ 

ပူတင်က ယူကရိန်း ခွဲထွက်ဒေသနှစ်ခုကို တပ်တွေ စေလွှတ်ဖို့ အမိန့်ထုတ်ခဲ့ပြီး ရုရှားအထက်လွှတ်တော်က ခွင့်ပြုခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ရုရှားသံရုံးရှေ့မှာလည်း ယူကရိန်းကို ထောက်ခံသူတွေ ရာနဲ့ချီ မနေ့က ဆန္ဒပြခဲ့ပြီး ရုရှားရဲ့ ကျူးကျော်မှုအန္တရာယ်ကနေ ယူကရိန်းကို အာကာအကွယ်ပေးဖို့ ပြင်သစ်အစိုးရနဲ့ ဥရောပနိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။ 

ယူကရိန်းနိုင်ငံ ဒိုးဘတ်စ်ဒေသမှာ မွေးဖွားခဲ့တဲ့ ပြင်သစ်ဆရာမက “ရုရှားက ယူကရိန်းကို ကျူးကျော်တာ အနောက်နိုင်ငံတွေကို ဆန့်ကျင်တာပါ။ နောက် ဥရောပနိုင်ငံတွေကို ဝါးမျိုဖို့ ခြေလှမ်းပြင်တာ၊ အခုဆို ယူကရိန်းဟာ ရုရှားသားကောင်တွေရဲ့ လက်ထဲမှာပါ။ ပြင်သစ်နဲ့ မဟာမိတ်တွေ ယူကရိန်းကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်” လို့ ပြောပါတယ်။ 

ရုရှားနိုင်ငံရေးသမားတွေ၊ လွှတ်တော်အမတ်တွေ၊ အရာရှိတွေကို အမည်ပျက်စာရင်းသွင်းဖို့၊ ရုရှားအစိုးရ ဘွန်းစာချုပ်ရောင်းချမှုတွေ ပိတ်ပင်ဖို့၊ ကုန်သွယ်မှုရပ်ဆိုင်းဖို့ အပါအဝင် အပြင်းထန်ဆုံး စီးပွားရေးပိတ်ဆို့မှု လုပ်ဆောင်ဖို့ ဥရောပသမဂ္ဂက ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

13 mins Ago

September 26, 2020

ပဲရစ်မြို့တွင် လူနှစ်ယောက်ထက်မနည်း ဓားဖြင့်တိုက်ခိုက်ခံရ

ပဲရစ်မြို့က ရှာလီဟတ်ဒိုသတင်းစာတိုက် ရုံးဟောင်းအနီးမှာ စက်တင်ဘာ ၂၅ ရက်က လူ နှစ်ယောက်ထက်မနည်း ဓားနဲ့တိုက်ခိုက်ခံရပြီး ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ အဓိကသံသယရှိသူကို ဖမ်းဆီးရမိထားပြီး ဒုတိယ သံသယရှိသူကိုလည်း ထိန်းသိမ်းထားတယ်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေး စုံစမ်းရေးမှူးက ပြောပါတယ်။ အဲဒီသတင်းစာတိုက်ဟာ လွန်ခဲ့တဲ့ ၅ နှစ်က အိုင်အက်စ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပြီး  လူ  ၁၂ ယောက် သေဆုံးခဲ့ဖူးပါတယ်။ အဲဒီတိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်လို့ စက်တင်ဘာ ၂ ရက်ကပဲ လူ ၁၄ ယောက်ကို ရုံးတင် စစ်ဆေးခဲ့ပါတယ်။ အခုတိုက်ခိုက်မှုကို မျက်မြင်တွေ့ခဲ့သူတဦးကလည်း ဒါဟာ ရှာလီဟတ်ဒိုကို ဒုတိယအကြိမ်  တိုက်ခိုက်တာဖြစ်ကြောင်း ပြောခဲ့ပါတယ်လို့ ရိုက်တာက တင်ပြပါတယ်။
1 year Ago
Up