တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မင်းထိန်ရွာနဲ့ ပဝတ်ကုန်းရွာကြားမှာ တောကြီးမြွေဟောက်အဖွဲ့က စစ်ကောင်စီယာဉ်တန်းကို မတ် ၁၄ ရက်မှာ ပဒေသာမိုင်း ၁၁ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
“ကျနော်တို့ ည ၇ နာရီဝန်းကျင်မှာ စခယာဉ်တန်း ၈ စီးကို ပဒေသာနှစ်ဆိုင်းမိုင်း ၁၁ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ စခကား ၃ စီး ပျက်စီးပြီး ကျန်ကားတွေလည်း ထိခိုက်မှုရှိပါတယ်” လို့ တိုက်ပွဲတွင်ပါဝင်ခဲ့တဲ့ ရဲဘော်တဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များပြားတယ်လို့ တောကြီးမြွေဟောက်အဖွဲ့ရဲ့ ထုတ်ပြန်ထားပေမယ့် အရေအတွက် အတိအကျကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပုလောမြို့နယ်၊ ပဝတ်ကုန်းရွာမှာရှိတဲ့ ဒေသခံတွေဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက စစ်ရှောင်နေကြပြီး မင်းထိန်ကျေးရွာမှာရှိတဲ့ ဒေသခံတွေဟာ ယာယီစစ်ရှောင်သဘောမျိုးပဲ ရှိတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
ပုလောမြို့နယ် မင်းထိန်ရွာနဲ့ ပဝတ်ကုန်းရွာကြားမှာ တောကြီးမြွေဟောက်အဖွဲ့က စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းကို ပဒေသာမိုင်း ၄ လုံးနဲ့ ပြီးခဲ့တဲ့ မတ် ၁၃ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့ပါတယ်။
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ ပျူစောထီးခေါင်းဆောင် ကိုကျော်မိုးခိုင်ကို မြို့ပြပြောက်ကျားအဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ လက်အောက်ခံ တပ်ဖွဲ့ ၃ မြို့ပြ သမန်းကျား ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံတယောက်ဆီက သိရပါတယ်။
မတ် ၁၅ ရက် ည ၉ နာရီ ၁၅ မိနစ်လောက်မှာ ခမရ ၃၄၂ တပ်ရင်းကို ကိုကျော်မိုးခိုင် ဆိုင်ကယ်မောင်းနှင်လာချိန် အဆိုပါတပ်ရင်းအရှေ့လောက်မှာ မြို့ပြပြောက်ကျားအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး စစ်ဆေးရုံအရောက်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြို့ပြသမန်းကျား ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံတယောက်က “ဒီပျုစောထီးခေါင်းဆောင်ဟာ လက်ရှိ ခမရ ၃၄၂ တပ်ရင်းထဲမှာ နေထိုင်ပြီး ဗျုဟာမှူးရဲ့ လက်ထောက်တယောက်ပါ။ သူလုပ်နေတာတွေက လဝကရုံးမှာ မှတ်ပုံတင်ပွဲစားပါ။ ရုံးဥက္ကဋ္ဌနဲ့ပေါင်းပြီး လုပ်စားပါတယ်။ မူးယစ်ဆေးဝါးရောင်းတဲ့သူတွေဆီမှာလည်း လိုင်းကြေးကောက်ခံတာရှိသလို ဘောလုံးဒိုင်၊ ချဲဒိုင်နဲ့ ဘတ်ငွေလဲလှယ်ဆိုင် မှန်သမျှကို စစ်ကြေးကောက်ပါတယ်။ သူက ကော့သောင်းမြို့ရဲ့ ပျူစောထီးခေါင်းဆောင် အကြီးဆုံးဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပျူစောထီးခေါင်းဆောင် ကိုကျော်မိုးခိုင် အသတ်ခံရပြီးနောက် ခမရ ၃၄၂ တပ်ထဲကနေ အင်အား ၈၀ နီးပါးခန့် မြို့ထဲကို ကားကြီး ၄ စီးနဲ့ ထွက်သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနဲ့ ရာအိမ်မှူးတို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ရှင်းလင်းခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့၊ ပဲခူးလမ်းမှာနေထိုင်တဲ့ ပျူစောထီးခေါင်းဆောင် တဦးကို ဇန်နဝါရီ ၂၅ ရက် ဒီနေ့ မနက် ၄ နာရီခွဲလောက်မှာ သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဖြူး ပ.က.ဖ တာဝန်ခံ ဗိုလ်ထိန်လင်းက ဒီဗွီဘီကို ပြောပါတယ်။
ပျူစောထီးခေါင်းဆောင်ကို မျိုးဇော်ဦးကို ပေါက်ဇလုပ်ကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရဲ့ အစ်ကိုတော်စပ်သူ ခိုင်စိုးရဲ့နေအိမ်မှာ သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
“သူက စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ အကျိုးတူပူးပေါင်းပြီး ၁ လုံး၊ ၂ လုံး၊ ၃ လုံး လောင်းကစားဒိုင်ချုပ်အဖြစ် လုပ်ကိုင်ကာ စစ်အုပ်စုတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေလို့ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် သွားရောက်ရှင်းလင်းခဲ့တာ”လို့ ဗိုလ်ထိန်လင်းက ပြောပါတယ်။
ဖြူးမြို့နယ် ပ.က.ဖ အနေနဲ့ ပြည်သူတွေကို ဒုက္ခအမျိုးမျိုးပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဒလန်တွေနဲ့ လောင်းကစားသမားတွေကို ကြေညာချက် ထုတ်ပြန်ထားတဲ့အတိုင်း လုံးဝသက်ညှာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဖြူးမြို့နယ်မှာ ဇန်နဝါရီ ၁၈ ရက် ညပိုင်းကလည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ဖြူးပ.က.ဖ က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ Non CDM ဘဏ်ဝန်ထမ်းတယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဖြူးမြို့နယ် ပ.က.ဖ ကနေ သိရပါတယ်။