close

ပျူစောထီးအဖွဲ့ဝင်

close

December 28, 2022

တမူးတွင် ပျူစောထီးအဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရ

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့က ဒေသခံ ပျူစောထီးအဖွဲ့ဝင် အမျိုးသားတဦး ဖြစ်တဲ့ ဦးဇော်ဝင်းမြင့်ကို ဒီဇင်ဘာ ၂၇ ရက်က အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့မ ၁၂ ရပ်ကွက်မှာနေထိုင်တဲ့ ဦးဇော်ဝင်းမြင့်ဟာ ဆိုင်ကယ်ဆီဖြည့်ဖို့အတွက် မောင်ဦးဆီဆိုင်ကို ရောက်ရှိစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ် သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။

ဦးဇော်ဝင်းမြင့်ဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် တနည်းအားဖြင့် ပျူစောထီးအဖွဲ့ဝင် ဖြစ်တာကြောင့် ပစ်ခတ်သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်လို့ တမူးဒေသခံတဦးက ပြောပါတယ်။

“သူက တမူးမြို့မှာ နာမည်ကြီးဗျ။ မြို့ထဲ ‌သေနတ်နဲ့ လှည့်နေတာ။ တမြို့လုံး သိတယ်။ သူတယောက်တည်း အပြင်ထွက်ချိန် ပစ်သတ်ခံရတာ။ သူ ပစ်သတ်ခံရပြီးတဲ့နောက် မြို့ထဲမှာ စစ်သားတွေ ကင်းလှည့်နေကြတယ်။”

ဦးဇော်ဝင်းမြင့် ပစ်ခတ်သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး တမူးဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ မိမိတို့အဖွဲ့အနေနဲ့ လုပ်ဆောင်ခဲ့ခြင်း မရှိဘူးလို့ ပြောပါတယ်။

ဦးဇော်ဝင်းမြင့် ပစ်ခတ်သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ PDF အဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ဒေသခံတဦးကို လက်လုပ်သေနတ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်သွားတာလို့ သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသွားတဲ့ ဦးဇော်ဝင်းမြင့်ရဲ့ အလောင်းကိုတော့ တမူးမြို့ လူမှုကူညီရေးအသင်းကနေတဆင့် တမူးပြည်သူ့ဆေးရုံက ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

41 seconds Ago

November 24, 2022

ပျူစောထီး ၂ ဦး လက်နက်ခဲယမ်းများဖြင့် မြိုင် ပ.က.ဖထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ပျူစောထီး နှစ်ယောက်ဟာ နိုဝင်ဘာ ၂၃ ရက်မှာ  လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မြိုင် ပ.က.ဖကနေတဆင့် အလင်းဝင်ရောက်ခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက “ပခုက္ကူမြို့နယ် ဘုန်းကန်ရွာလမ်းခွဲက ကောင်းစက်ဝိုင်း ပန့်ဆိုင်နားမှာ တပ်စွဲထားတဲ့ စစ်(...) ၄ ယောက်၊ ပျူ(...) ၁၁ ယောက်ထဲက ကံလှရွာက ကိုဖိုးချစ်နဲ့ မရွေးကုန်းရွာက ကိုခိုင်ဇော်ဝင်းတို့ ၂ ယောက်ဟာ မနေ့က နိုဝင်ဘာလ ၂၃ ရက်နေ့မှာ စစ်(...)၊ ပျူ(...)တွေစားမယ့် ထမင်းကြော်ထဲမှာ အိပ်ဆေးခတ်ပြီး လက်နက်ခဲယမ်းတွေ ယူဆောင်ကာ ကျနော်တို့ဆီမှာ လာရောက်အလင်းဝင်တာ” လို့ ပြောပါတယ်။

သူတို့ နှစ်ယောက်ဟာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူတွေဆီက MA3 သေနတ်တလက်၊ MA1 တလက်၊ ကာဘိုင် သေနတ်တလက်၊ ကျည်ဘောက် ၈ ခုနဲ့ ကျည်ဆန် ၁၁၀ တောင့် ယူဆောင်လာပြီး မြိုင် ပ.က.ဖ တပ်ရင်း-၁ ကို အပ်နှံခဲ့လို့ ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေတနေရာကို ပို့ဆောင်ပေးထားတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ပခုက္ကူခရိုင်အတွင်းမှာ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်း အသုံးပြုပြီး ထိုးစစ်ဆင်ကာ နယ်မြေ ပြန်လည်ထိန်းချုပ်ဖို့ အသဲအသန် ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာတွေ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

1 month Ago
Up