တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စရဖရုံးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ်-၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေ ၂ ရက် မနက် ၆ နာရီကျော်လောက်မှာ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စရုဖရုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်၊ အမှတ်-၁ တပ်ရင်းနဲ့ Flying Star (ဘုတ်ပြင်းပကဖ) ပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ အဆိုပါ စရဖရုံးအတွင်းရှိ ပြည်သူ့စစ်အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကို သတင်းပေးနေတဲ့ ကြွယ်သန်း ဆိုသူကို ပစ်ခတ်ရှင်းလင်း သုတ်သင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ်-၁ တပ်ရင်းမှ တာဝန်ခံတဦးက “စကစဘက်ကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ပါတယ်။ ပြည်သူတွေရော နေအိမ်တွေပါ လက်နက်ကြီး ထိခိုက်တာတော့ မရှိပါဘူး” လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက် ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ ဦးဌေးဝင်း (ခ) ညီငယ်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းရှာဖွေရာ ဦးဌေးဝင်း (ခ) ညီငယ်မှာ ထွက်ပြေးလွတ်မြောက်သွားပြီး သူ့နေအိမ်အတွင်းမှ ကိုးလုံးကျည် ခေါက်ချိုး ၁ လက်၊ ကိုးလုံးကျည် ၄ တောင့်၊ AK-47 ကျည် ၂၆ တောင့်၊ ကာဘိုင်ကျည် ၅ တောင့်၊ Network Two Way Radio လက်ကိုင်ဖုန်း ၁ လုံး၊ စစ်ကောင်စီ စစ်ယူနီဖောင်း ၁ စုံ၊ စစ်ကျောပိုးအိတ် ၁ လုံး၊ အီကွေးမန့် ၁ စုံ၊ စစ်ဖိနပ် ၁ ရံတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ကနေ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ၈ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ရှမ်းကိုးရွာဒေသမှာ ပြည်သူ့စစ်ခေါင်းဆောင် ၂ ဦး ရှင်းလင်းပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသခံ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့တောင်ပိုင်း ကျေးရွာတွေဖြစ်တဲ့ ကျောက်ရပ်ကျေးရွာအုပ်စုက ကျောက်ရပ်ရွာ၊ ဝမော်ရွာ၊ ပေါက်တိုင်းရွာတွေမှာ ပြီးခဲ့တဲ့ ဧပြီလကစပြီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက တအိမ် ၃,၀၀၀ ကျပ်နှုန်းနဲ့ ဆက်ကြေးကောက်နေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ပေါက်တိုင်းရွာသားတဦးက “အရင်လတုန်းက တအိမ်တယောက် အစည်းအဝေးခေါ်ပြီး ပိုက်ဆံတောင်းတယ်။ အခုလက ဆယ်အိမ်မှူးတွေ အိမ်အထိလာတောင်းတယ်။ သူတို့ပြောတာ ပြည်သူ့စစ်ထောက်ပံ့ကြေးတဲ့။ စားဖို့မရှိတဲ့အိမ်ကအစ ထည့်ရတယ်” လို့ ပြောပါတယ်။
ထားဝယ်ဒေသ နာမည်ကျော် ပျူစောထီးခေါင်းဆောင် ဦးအောင်စိန် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့က အခုလိုပြုလုပ်နေတာလို့ ရွာသားတွေက ပြောပါတယ်။
ဦးအောင်စိန်ဟာ ထားဝယ်မြို့ နေအိမ်မှာ ဗုံးပစ်ခံခဲ့ရပေမဲ့ မသေဘဲ နေအိမ်ကနေ တိမ်းရှောင်ပြီး ပျူစောထီးအင်အားကောင်းတဲ့ရွာတွေမှာ လာနေထိုင်ကာ အခုလို ဆက်ကြေးတောင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၄ ရက် မနက်ပိုင်းမှာ ဦးအောင်စိန်ရဲ့ တပည့်ဖြစ်သူ ကျောက်ရပ်ရွာသား ကိုပြည့်စုံအောင် ခေါ် ဝေလ ကျောက်ရပ်ဈေးမှာ သေနတ်နဲ့ပစ်ခံရပြီးနောက် ဦးအောင်စိန်က အခုလို ဆက်ကြေးကောက်မယ်လို့ ရွာသားတွေကို အစည်းအဝေးခေါ်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ ပျူစောထီးခေါင်းဆောင်က ရွာခံပျူစောထီးတွေကို ယမ်းထောင်း လက်လုပ်သေနတ် ၂ လက် ပေးခဲ့ပြီး ကျေးရွာအုပ်စုအတွင်း ဆိုင်ကယ်တစီး လူနှစ်ယောက် မစီးဖို့နဲ့ စီးတာတွေ့ပါက သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။
ကိုဝေလ ကို ထားဝယ်နဂါးပြောက်ကျားတပ်ဖွဲ့က ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပြီး အဆိုပါဖြစ်စဉ်ဟာ ရွာသားတွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျောက်ရပ်ကျေးရွာအုပ်စုဟာ ထားဝယ်မြို့တောင်ဘက်မှာ တည်ရှိပြီး မြိတ်-ထားဝယ် ကားလမ်းပေါ်က ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ် ရှိပါတယ်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ ရွှေကိုးပင်လမ်းပေါက်မှာ မေလ ၂ ရက် ည ၉ နာရီက စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သား ၇ ဦးပါလာပြီး အင်းနက်ရွာက ထွက်လာတဲ့ Double Cup Four Wheels ကားအဖြူတစီးကို မိုင်း ၄ လုံးဆွဲ တိုက်ခိုက်ခဲ့တယ်လို့ တကောင်းပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ မာမီက ပြောပါတယ်။
“၇ ယောက်ပါတာ၊ ၃ ယောက်က ပွဲချင်းပြီး၊ ၃ ယောက်က ဒဏ်ရာရတာ၊ ရှေ့ကမောင်းတဲ့သူက ခံသာသွားတာ၊ နောက်က ၄ ယောက်ပါတာ၊ ၃ ယောက်သေတယ်။ မိုင်းလေးလုံး တခါတည်းကွဲပြီး ကားပါပျက်စီးသွားတာ။ တည့်ထိသွားတာ။ ကားပါ တခါတည်း ထိုးရပ်သွားတာ။ စစ်သားတွေလည်း လွင့်ထွက်သွားတယ်။”
စစ်ကောင်စီတပ်က ပျက်စီးသွားတဲ့ကားနဲ့ သေဆုံးသွားတဲ့ စစ်သား ၃ ဦးနဲ့ ဒဏ်ရာရစစ်သား ၃ ဦးကို မနေ့ညက ပြန်သယ်သွားပြီး တကောင်းဆေးရုံကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို တကောင်းပကဖနဲ့ လျှပ်စီးပြောက်ကျားတပ်ဖွဲ့တို့ လုပ်ဆောင်ခဲ့ကြောင်း တကောင်းပကဖက ထုတ်ပြန်ထားပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း မေ ၂ ရက် မနက်က ရဲနဲ့ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲတပ်ကြပ် ၁ ယောက် အပါအဝင် ၂ ယောက်သေဆုံးကာ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပကဖကနေ သိရပါတယ်။
မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးရွာနဲ့ စိုတော ပျူစောထီးရွာကြားမှာ မေ ၂ ရက် မနက် ၆ နာရီလောက်က ပျူစောထီးတွေ ကူးသန်းသွားလာနေတယ်လို့ အတွင်းသတင်းရတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းထောင်တိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖ တပ်ရင်း-၁၊ တပ်ခွဲ-၂ ဂဠုန်တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးတာဝန်ခံ ရဲဘော်ဇေယျာက ဒီဗွီဘီကို ပြောပါတယ်။
“သရက်ကန်ရွာမှာက စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီး အင်အား ၈၀ လောက် အထိုင်ချ တပ်စွဲထားတာဗျ။ သရက်ကန်နဲ့ စိုတောရွာက မီတာ ၆၀၀ လောက်ပဲ ကွာတာ။ အဲဒီ ၂ ရွာ ကူးသန်းသွားလာနေတုန်း သတင်းအတိအကျရလို့ တိုက်ခိုက်ခဲ့တာ။”
အဲဒီတိုက်ခိုက်မှုအတွင်းမှာ ရဲတပ်ကြပ်တယောက်နဲ့ ပျူစောထီးတယောက် သေဆုံးပြီး ပျူစောထီးတယောက်ကတော့ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် အလောင်းတွေဘေးမှာ ပတ်ပတ်လည်ဝိုင်းနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကိုလည်း ဒရုန်းနဲ့ အီနာဂါဗုံးသီး ၃ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့ပြီး ထိခိုက်တဲ့ အခြေအနေကိုတော့ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။
မြိုင်မြို့နယ်၊ ဖလံကိုင်းရေနံမြေမှာ ဧပြီ ၂၉ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီး ၂ ယောက်သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပကဖကနေ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
စစ်ကိုင်းတိုင်း၊ ကျွန်လှမြို့နယ်အရှေ့ခြမ်း ကျောက်အိုင်အုပ်စုက ကျေးရွာသုံးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ဧပြီ ၉ ရက် မနက်မှာ ရောက်လာပြီး ပျူသင်တန်း မဖြစ်မနေ တင်ရောက်ရမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်အိုင်အုပ်စုအတွင်း ခြိမ်းခြောက်ခံရတဲ့ ကျေးရွာတွေကတော့ ကျောက်အိုင်ရွာ၊ ငှက်ပျောတောရွာနဲ့ တပေါင်ရွာတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျွန်လှဒေသခံတဦးက “ကျနော်တို့ရွာတွေက ပျူရွာတွေရဲ့ ကြားထဲရောက်နေတော့ အတော်လေးစိတ်ပျက်မိတယ်ဗျ။ သူတို့က ကိုယ်တွေ ကျေးရွာတွေအပေါ် မေတ္တာထားတာ လိုလိုနဲ့ PDF နဲ့ ရန်တိုက်ပေးတဲ့ပုံစံ လာလုပ်တယ်။ ဘယ်လိုပုံစံလဲဆိုတော့ ပျူသင်တန်းကိုတပတ်အတွင်း တက်ရမယ်ပေါ့။ တရွာကို အမျိုးသား ၆၀ တက်ရမယ်လို့ ကန့်သတ်တယ်။ နောက်ပြီး ရွာခံတွေက ငြင်းဆန်ပေမဲ့ သူတို့က ခင်ဗျားတို့ ဒီပျူသင်တန်း မတက်ခြင်လည်း တက်ရမယ်။ ပျူသင်တန်း မတက်ခြင်ဘူးဆိုတဲ့ ကောင်တွေကိုလည်း လည်ပင်းညှစ်သတ်ပြီး နတ်ပြည်တင်မယ်။ ပျူသင်တန်မတက်ဘူးဆိုရင် အခုလိုရွာတွေကို PDF မီးရှို့လာလိမ်မယ်ဆိုပြီး စစ်ကောင်စီက မီးရှို့ထားခဲ့တဲ့ ရွာတွေရဲ့ ဓာတ်ပုံတွေ ထုတ်ပြပြီး ခြိမ်းခြောက်တာတွေလည်း လုပ်တယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီရဲ့ တအိမ်တယောက်ပျူသင်တန်းတက်ရမယ်ဆိုတဲ့ အစည်းအဝေးကို ဒေသခံအမျိုးသားတွေ မတက်ရောက်ဘဲ အမျိုးသမီးအများစု တက်ရောက်တာကြောင့် စစ်ကောင်စီနဲ့ ပျုသောထီးခေါင်းဆောင်တွေက “ခင်များတို့ရွာဟာ မုဆိုးမတွေ နေတဲ့ရွာလား” ဆိုပြီး ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ပျူသင်တန်းတွေ တက်ရောက်ခိုင်းနေတာကြောင့် ကျွန်းလှ၊ ကန့်ဘလူ ဒေသတွင်းကျေးရွာက အမျိုးသားတချို့ဟာ ကျေးရွာအတွင်းမှာ မနေရဲတော့တာကြောင့် ဖားကန့် ရွှေမှော်တွေမှာ တိမ်းရှောင်ရင်း အလုပ်လုပ်ကိုင်လာသူတွေလည်း တနေ့တခြား များပြားလာတယ်လို့ ဆိုပါတယ်။