close

ပျောက်ဆုံးကျောင်းသား

close

September 24, 2022

မက္ကဆီကိုတွင် ၈ နှစ်ကြာပျောက်ဆုံးကျောင်းသားများ၏ မိဘများ ဆန္ဒပြ

မက္ကဆီကိုနိုင်ငံမှာ ၈ နှစ်ကြာ မဖြေရှင်းနိုင်သေးတဲ့ ပြန်ပေးဆွဲခံရမှုအတွက် အဖြေတောင်းဆိုဖို့ ပျောက်ဆုံးကျောင်းသား ၄၃ ဦးရဲ့ မိဘတွေနဲ့ ထောက်ခံသူတွေဟာ စက်တင်ဘာ ၂၃ ရက်က မက္ကဆီကိုစီးတီးရှိ စစ်စခန်းတခုရဲ့ အပြင်ဘက်မှာ စုဝေးခဲ့ကြပါတယ်။ 

ဆန္ဒပြသူတွေဟာ စစ်တပ်ရဲတွေကို မီးရှူးမီးပန်းတွေနဲ့ ပစ်ခဲ့ကြပြီး တချို့ကလည်း ဌာနချုပ်အနီး ပတ်လည်က ခြံစည်းရိုးတွေကို ဆွဲချခဲ့ကြပါတယ်။

ပျောက်ဆုံးကျောင်းသားတဦးရဲ့မိခင် မာရီယာ ဒီ-ဂျေးဆပ်စ် ကာတန်က  သူတို့ကလေး ၄၃ ဦးမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ ဆိုတာကို ဖြေရှင်းနိုင်မယ့် အထောက်အထားတွေကို ဖုံးကွယ်ထားတာ ကြောင့် သူတို့ဟာ စစ်တပ်ကို အများပြည်သူဆီ သူတို့ရဲ့မှတ်တမ်းမော်ကွန်းတိုက်ကို ဖွင့်ပေး စေချင်ကြောင်း ပြောပါတယ်။ 

၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်က ဆရာအတတ်သင် ကျောင်းသား ၄၃ ဦး ပျောက်ဆုံးမှုမှာ ပတ်သက်နေကြောင်း သံသယရှိသူ အငြိမ်းစားဗိုလ်ချုပ်ကြီး ဟိုဆေး ရိုဒရီဂွက်ဇ် နဲ့ တခြားစစ်သား ၃ ဦးကိုလည်း စစ်စခန်း အပြင်ဘက်မှာ ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ 

ရိုဒရီဂွက်ဇ်ဟာ ဖြစ်ရပ်ဆိုး ဖြစ်ပွားချိန်က အမှတ် ၂၇ ခြေမြန်တပ်ရင်းရဲ့ တာဝန်ခံဖြစ်ပြီး အကျင့်ပျက် ဒေသခံရဲတွေဟာ ဒေသတွင်း မူးယစ်ဂိုဏ်း တစ်ခုနဲ့ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း  အရင်အစိုးရက ပြောဆိုခဲ့ပါတယ်။  

လက်ရှိ အုပ်ချုပ်ရေးအဖွဲ့က အမှုကို ပြန်လည်သုံးသပ်တင်ပြပြီးနောက်  ဒုတိယပြည်ထဲရေး ဝန်ကြီး Alejandro Encinas က ဩဂုတ်လနှောင်းပိုင်းမှာ ပြောကြားခဲ့ရာမှာ အဲဒီအချိန်က ပျောက်ဆုံးကျောင်းသား ၆ ဦးကို ရိုဒရီဂွက်ဇ်ဆီကို အသက်ရှင်လျက် လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး ရိုဒရီဂွက်ဇ်က ကျောင်းသားတွေကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့တာလို့ ဆိုပါတယ်။ 

ဒီအမှုကို အစိုးရက “နိုင်ငံတော် ရာဇ၀တ်မှု” အဖြစ် ရည်ညွှန်းခဲ့ပြီး စစ်တပ်အပါအဝင် ဒေသန္တရ၊ ပြည်နယ်နဲ့ ဖက်ဒရယ်အာဏာပိုင်တွေက အနှောင့်အယှက်ပေးခဲ့ကြပြီး ကျောင်းသားတွေ ပျောက်ဆုံးမှုကို ဖုံးကွယ်ထားရာမှာ  ရှုပ်ရှုပ်ထွေးထွေး ပါဝင်ပတ်သက်နေကြတာပါ။ 

3 hours Ago
Up