ဒီဗွီဘီ သတင်းထောက် ကိုအောင်စံလင်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာ အချိန် ၁ လကျော်ကြာလာတဲ့ တိုင်အောင်သူ့ကို ဘယ်မှာထိန်းသိမ်းထားတယ်၊ ဘာအမှုနဲ့ တရားစွဲထားတယ်ဆိုတာ စုံစမ်းမရဘဲ ပျောက်ဆုံးနေလို့ မိသားစုက စိုးရိမ်ပူပန်နေပါတယ်။
ဒီဗွီဘီသတင်းထောက် ကိုအောင်စံလင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က သူနေထိုင်တဲ့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ပင်းဇင်းကျေးရွာရှိ နေအိမ်မှာ စစ်ကောင်စီတပ်က လာဖမ်းသွားတာ ဖြစ်ပါတယ်။
ကိုအောင်စံလင်းကို စတင်ဖမ်းဆီးစဉ်ကတည်းက ဝရမ်းမပါဘဲနဲ့ ဥပဒေနဲ့ မညီ ဖမ်းသွားခဲ့တာ ဖြစ်တယ်လို့ ကိုအောင်စံလင်းရဲ့ ဇနီးဖြစ်သူကလည်း ပြောပါတယ်။
“အဲ့ဒိအချိန်ကတည်းက လိုက်လံစုံစမ်းခဲ့တာ၊ ဝက်လက်၊ ရွှေဘိုမြို့တွေက ရဲစခန်းတွေ၊ စစ်တပ်တွေ၊ တရားရုံးတွေလည်း နှံ့နေပြီ၊ အပြင်မှာကြားနေတာကတော့ သေဆုံးသွားပြီလို့ သတင်းတွေ ကြားနေတော့ ဘယ်လိုလုပ်ရမလဲမသိပါဘူး။”
ဒီလိုဖမ်းဆီးမှုမှာ တာဝန်အရှိဆုံးလူတွေဖြစ်တဲ့ ဒေသအာဏာပိုင်အဖွဲ့အစည်းတွေ၊ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာတရားရုံးကို တင်ပြခဲ့ပေမဲ့ ပယ်ချခံရတဲ့အတွက် အလွန်စိုးရိမ်စရာကောင်းနေပြီလို့ ရန်ကုန်မှာ ဥပဒေအတိုင်ပင်ခံလုပ်ငန်း Law Firm ဖွင့်လှစ်ထားတဲ့ အထက်တန်းရှေ့နေ ဒေါက်တာဖိုးဖြူကလည်း ပြောပါတယ်။
“သူ့ကို သက်ဆိုင်ရာ တရားရုံးမှာစုံစမ်းခဲ့တဲ့အခါမှာလည်း ရမန်ယူထားတာမရှိပါဘူး။ ဒါ့အပြင်၊ စစ်ဘက်စစ်ကြောရေးတွေမှာ စုံစမ်းတော့လည်းမရှိဘူး၊ ရာဇဝတ်ကျင့်ထုံးဥပဒေ (၄၉၁)ပြဋ္ဌာန်းချက်မှာ တိုင်းနဲ့ ပြည်နယ် တရားလွှတ်တော်တွေက မတရားဖမ်းဆီးချုပ်နှောင်၊ ပျောက်ဆုံးနေတဲ့သူတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက စုံစမ်းပေးဖို့ ညွှန်ကြားချက်ထုတ်ပေးနိုင်တဲ့၊ ရှေ့တော်သွင်းစာချွန်တော်ကဲ့သို့ အမိန့်အာဏာနဲ့ အားကိုးတကြီး သက်ဆိုင်ရာမြို့မရဲစခန်းကနေ စစ်ဘက်ဆိုင်ရာအာဏာပိုင်တွေ၊ ရဲဘက်ဆိုင်ရာ အာဏာပိုင်တွေ၊ သက်ဆိုင်တဲ့သူအားလုံးက လျှောက်ထားခံရဖို့အတွက် တာဝန်ရှိသူတွေ၊ တာဝန်ခံရမယ့်သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တာဝန်ခံဖို့အတွက် လျှောက်ထားတာကို တရားရုံးကိုယ်နှိုက်က လက်သင့်မခံဘူးဖြစ်နေတယ်။ တရားရုံးက သူ့မှာရှိတဲ့ လုပ်ပိုင်ခွင့်နဲ့ အခွင့်အာဏာကို ကျင့်သုံးရမှာဖြစ်ပေမယ့်လို့ ပြည်သူကိုကာကွယ်ပေးရမှာဖြစ်ပေမယ့်၊ ပြည်သူရဲ့လုံခြုံရေးနဲ့လွတ်လပ်ခွင့်ကိုကာကွယ်ပေးရမှာဖြစ်ပေမယ့်လို့ သူက အကာအကွယ်မပေးဘဲ မျက်ကွယ်ပြုပြီး အခုလိုလျှောက်ထားတာကို ပယ်ချလိုက်တယ်။ ဒါကြောင့်ပြည်သူပြည်သားတွေက တရားစီရင်ရေး အကာအကွယ်ကင်းမဲ့ သလိုမျိုး စိတ်မကောင်းစွာနဲ့ ခံလိုက်ရတယ်။ အဲဒိတရားရုံးကိုယ်နှိုက်က ဥပဒေကိုတလွဲကျင့်သုံးနေတာဖြစ်ပါတယ်။”
ကိုအောင်စံလင်းကို စတင်ဖမ်းဆီးစဉ်က ဝက်လက်မြို့နယ် ရဲစခန်းမှာ ကနဦးထားရှိခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းလောက်မှာ ရွှေဘိုမြို့ စစ်ကြောရေး ခေါ်ဆောင်သွားတယ်လို့ သတင်းကြား သိရပြီးတဲ့နောက် ဘာသတင်းမှလည်း ဆက်လက်စုံစမ်းလို့ မရခဲ့သလို ရွှေဘိုထောင်ကိုလည်း မရောက်သေးဘူးလို့ သိရပါတယ်။
ဒီဗွီဘီက စာရင်းပြုစုထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းမှုနောက်ပိုင်း သတင်းထောက် ၁၂၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင် အသီးသီးကနေ လွတ်ငြိမ်းချမ်းသာခွင့် အပါအဝင် ပြန်လည်လွတ်မြောက်လာသူ သတင်းထောက် ၇၀ ကျော် ရှိတယ်လို့ သိရပါတယ်။
သတင်းထောက် အယောက် ၃၀ ကတော့ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ဓာတ်ပုံသတင်းထောက် တစ်ဦးကတော့ စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။
ဖမ်းဆီးခံ သတင်းထောက်တွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)၊ မတည်ငြိမ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) စတဲ့ ပြစ်ဒဏ်ကြီးလေးတဲ့ ပုဒ်မတွေနဲ့ စစ်ကောင်စီက အမှုဖွင့်ထားပြီး ကိုအောင်စံလင်း အပါအဝင် ဖမ်းခံထားရတဲ့ တချို့သတင်းထောက်တွေကတော့ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မရ အမှုဖွင့်ခံထားရတဲ့ ပုဒ်မတွေလည်း မရှိသေးဘူးလို့ သိရပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့ကတည်းက ပျောက်ဆုံးနေတဲ့ သတင်းထောက်ဟောင်း မသူဇာကို မိသားစုကဒီနေ့ထက်ထိ အဆက်အသွယ်မရတာကြောင့် ရှေ့နေနဲ့တိုင်ပင်ပြီး လူပျောက်ဆုံးတဲ့ ပုံစံမျိုးနဲ့ ဥပဒေကြောင်းအရ ဆက်လုပ်သွားမယ်လို့ မသူဇာရဲ့ ခင်ပွန်းဖြစ်သူက ပြောပါတယ်။
မသူဇာဟာ စက်တင်ဘာလ ၁ ရက်နေ့ နေ့လယ်ပိုင်းမှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး စစ်ကြောရေးထဲရောက်ရှိနေတယ်လို့ သတင်းတွေကြားပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ ခင်ပွန်းဖြစ်သူကဆိုပါတယ်။
“မသူဇာဘယ်မှာရှိနေတယ်ဆိုတာ ခုချိန်ထိ အစအနကိုမသိရသေးပါဘူး။ စစ်ကြောရေးမှာလို့လည်း သတင်းကြားပေးမဲ့ အသေအချာမပြောနိုင်သေးဘူး။ ဘယ်နေရာမှာရှိမှန်းလည်း မသိရသေးဘူး။ ၁ ရက်နေ့ကတည်းက သူနဲ့အဆက်အသွယ်မရတော့တာ ဒီနေ့ထိပါပဲ။ အခုစုံစမ်းနေတာ မထူးခြားဘူး ဆိုရင်တောင် ရှေ့နေနဲ့တိုင်ပင်ပြီး လူပျောက်ပုံစံမျိုးနဲ့ ဆက်သွားရမရ တိုင်ပင်ပြီးတော့ ဥပဒေကြောင်းအရပဲဆက်လုပ်သွားဖို့ရှိပါတယ်”လို့ မသူဇာရဲ့ခင်ပွန်းဖြစ်သူ ကိုရဲကိုက ဒီဗွီဘီ ကိုပြောပါတယ်။
မသူဇာကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ ဝရမ်းထုတ်ထားတာဖြစ်ပြီး ပထမတစ်ခေါက်အိမ်ကို ဝင်ရောက်ရှာဖွေစဉ် မသူဇာကို ဖမ်းမိခြင်းမရှိပဲ ခင်ပွန်းဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပါသေးတယ်။
အခုတော့ ခင်ပွန်းဖြစ်သူပြန်လည်လွတ်မြောက်လာပြီး မကြာခင်မှာပဲ မသူဇာကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အဖမ်းခံရတဲ့ သတင်းသမား ၉၀ ကျော်ထိရှိလာခဲ့ပြီး ဒီရက်ပိုင်းတွင်းမှာပဲ သတင်းသမားဟောင်းတွေကို လိုက်လံရှာဖွေဖမ်းဆီးမှုတွေ ပိုများလာနေ ပါတယ်။
မသူဇာဟာ မော်ဒန်ဂျာနယ်၊ ဧရာဝတီ သတင်းဌာန၊ RFA သတင်းဌာန၊ 7 Day သတင်းဌာန၊ Friday Time ဂျာနယ်တို့မှာ သတင်းထောက်အလုပ်လုပ်ခဲ့တဲ့ လုပ်သက် ၁၄ နှစ်နီးပါးရှိ ဝါရင့် သတင်းထောက်ဟောင်းတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။