ချီလီသမ္မတ ဆယ်လ်ဗာဒေါ အော်လန်ဒေရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ခဲ့တဲ့ ၁၉၇၃ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို အောက်မေ့တဲ့အနေနဲ့ စက်တင်ဘာ ၁၁ ရက်က ချီတက်ကြရာမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါတယ်။
စစ်အာဏာသိမ်းမှုအတွင်း ပျောက်ဆုံးသွားသူများကို ဂုဏ်ပြုဖို့ ဆန်တီယာဂိုမြို့တော်မှာ ငြိမ်းငြိမ်းချမ်းချမ်း ချီတက်လို့ပြီးခါနီးမှာ ဆန္ဒပြသူတွေနဲ့ အပြင်းအထန် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။
ရဲတွေက ဆန္ဒပြသူတွေကို လူစုခွဲဖို့ မီးသတ်ပိုက်တွေကို သုံးခဲ့ပြီး ဆန္ဒပြသူတွေက ပစ္စည်းတွေနဲ့ ပြန်ပစ်ပေါက်ခဲ့တာပါ။
ဆန္ဒပြပွဲကို လူပေါင်း ၂၀၀၀ လောက် တက်ခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။
သမ္မတ ဂေဘရီရယ် ဘိုရစ်ခ်က ပျောက်ဆုံးနေသူပေါင်း ၁,၁၉၂ ဦးကို မဆုတ်မနစ် ဆက်ရှာသင့်တယ်လို့ လာမိုနေဒါ သမ္မတအိမ်တော်က မိန့်ခွန်းထဲမှာ ပြောပါတယ်။
ချီလီသမ္မတဟောင်း အော်လန်ဒေဟာ ဆိုရှယ်လစ်-ကွန်မြူနစ်ညွန့်ပေါင်းအဖွဲ့ရဲ့ အကြီးအကဲအဖြစ် ၁၉၇၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး အစွန်းရောက်အစီအစဉ်ကို စတင်ခဲ့တာပါ။
ကြေးနီလုပ်ငန်းနဲ့ ပုဂ္ဂလိကဘဏ်တွေကို ပြည်သူပိုင်သိမ်းပြီး တောင်သူလယ်သမားတွေဆီ ပြန်ပေးခဲ့ပါတယ်။ ချီလီစီးပွားရေးကို အပြင်းအထန် ဆန့်ကျင်ကြပြီး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခန်းခြောက်လာပြီး ငွေကြေးဖောင်းပွမှု ၃၀၀ ရာခိုင်နှုန်းအထိ မြင့်တက်နေချိန်မှာ သူ့ရဲ့ စီးပွားရေးမူဝါဒတွေကို အမေရိကန် သမ္မတ ရစ်ချတ် နစ်ကဆင်က ဒေါသထွက်ခဲ့ပါတယ်။
၁၉၇၃ ခုနှစ် စက်တင်ဘာလမှာ အော်လန်ဒေက မိုနေဒါ သမ္မတနန်းတော်ထဲမှာ ထိုင်နေတုန်း စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ အော်လန်ဒေရဲ့ အလောင်းကို မီးခိုးတွေထွက်နေတဲ့ အပျက်အစီးတွေထဲမှာ ပြန်တွေ့ခဲ့ပါတယ်။
ဘာကီနာဖာဆိုနိုင်ငံက ရေကြီးနေတဲ့ သတ္တုတွင်းထဲရှိ ကယ်ဆယ်ရေးအခန်းထဲမှာ ရှင်သန်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာမတွေ့ခဲ့ဘူးလို့ အစိုးရနဲ့ သတ္တုတွင်း ပိုင်ရှင်တို့က မေ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။
ပျောက်ဆုံးနေတဲ့ တွင်းသား ၈ ယောက် အချိန်တလကျော်ကြာ မြေအောက်ထဲမှာ အသက်ရှင်နေဆဲဆိုတဲ့ မျှော်လင့်ချက်အားလုံး ဆိတ်သုဉ်းသွားတာပါ။
ကနေဒါအခြေစိုက် ထရီဗာလီ သတ္တုတူးဖော်ရေး ကော်ပိုရေးရှင်းပိုင်တဲ့ ပါကိုအာသတ္တုတွင်းဟာ မြို့တော် ဝါကာဒူဂူရဲ့ အနောက်ဘက် ၇၅ မိုင်အကွာမှာရှိပြီး ဧပြီ ၁၆ ရက်က မမျှော်လင့်ဘဲ မိုးကြီးလို့ ရုတ်တရက် ရေမြုပ်သွားတာပါ။
ပျောက်ဆုံးတွင်းသားတွေဟာ တွင်းထဲက စားနပ်ရိက္ခာတွေ ထည့်ထားတဲ့ ကယ်ဆယ်ရေးအခန်းထဲ ရောက်နေမယ်လို့ ရှာဖွေကယ်ဆယ်ရေးကာလ တလလုံးအတွင်း မျှော်လင့်ထားခဲ့ကြတာပါ။
ဒါပေမဲ့ ကယ်ဆယ်ရေးအခန်းဟာ ခြေရာလက်ရာမပျက် ရှိနေလို့ ပျောက်ဆုံးတွင်းသား ၈ ယောက်ဟာ ဒီအခန်းထဲ တယောက်မှ ရောက်မလာဘူးဆိုတာ ရှင်းနေတယ်လို့ ထရီဗာလီက ပြောပါတယ်။
ပျောက်ဆုံးနေသူ ၆ ယောက်က ဘာကီနာဖာဆို နိုင်ငံသားတွေဖြစ်ပြီး တယောက်က တန်ဇန်းနီးယားနဲ့ နောက်တယောက်က ဇမ်ဘီယာနိုင်ငံသားတွေပါ။
ကယ်ဆယ်ရေးသမားတွေကတော့ သတ္တုတွင်းရဲ့ မြေအောက်ပိုင်းမှာ ပြည့်နေတဲ့ ခန့်မှန်းခြေ ရေလီတာ ၁၆၅ သန်းထဲက ၅၅ သန်းကို ရေစုပ်စက်နဲ့ စုပ်ထုတ်ပြီးစီးပြီလို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။