close

ပျောက်ဆုံး ကလေး

close

September 8, 2021

ချင်းမိုင်တွင် ၃ ရက်ကြာပျောက်ဆုံးနေသည့် ၂ နှစ်ရွယ်ကလေး အသက်ရှင်လျက်ပြန်တွေ့

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မဲ့တိုင်မြို့နယ်၊ အင်းတခင်ကျေးရွာအုပ်စုက လားဟူရွာလေးတစ်ရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ ညနေခင်းက နောင့်ကျိနာ့ ဆိုသူ အသက် ၁ နှစ်နဲ့ ၁၁ လရွယ်ရှိ မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးသွားခဲ့ပါတယ်။ 

အဲဒီနေ့ ည ၇ နာရီဝန်းကျင်မှာ မိခင်က ထမင်းဟင်းချက်နေပြီး ဖခင်က ရွာပြင်မှာ အမှိုက်သွားပစ်စဉ် ကလေးက ၄ နှစ်သားရွယ် အစ်ကိုဖြစ်သူနဲ့ ကစားနေကြောင်း၊ မိခင်က လာကြည့်ရာမှာ ကလေးကို မတွေ့တော့တဲ့အတွက် သူကြီးနဲ့ ရွာထဲကလူတွေကို အကြောင်းကြားကာ တညလုံး ရှာဖွေခဲ့ကြပါတယ်။

သူတို့ရွာဟာ မြို့နဲ့အတန်ငယ်ဝေးတဲ့ တောတောင်ထဲမှာရှိပြီး အိမ်တစ်လုံးနဲ့ တစ်လုံးလည်း ကွာဝေးကာ အနီးမှာလည်း တောအုပ်တွေ၊ ရေကန်တွေရှိနေပါတယ်။ 

နောက်ရက်တွေမှာ ရဲနဲ့ စစ်တပ် တပ်ဖွဲ့ဝင်တွေ၊  ကယ်ဆယ်ရေးအဖွဲ့တွေပါ ရာနဲ့ချီ ရောက်ရှိလာပြီး အနံ့ခံခွေး၊ ရေငုပ်သမား၊ ခြေလျင်တောင်တက် ကျွမ်းကျင်သူတွေနဲ့ရော ဒရုန်းနဲ့ ရဟတ်ယာဉ်တွေနဲ့ပါ ရှာဖွေပေမယ့် ကလေးကို မတွေ့ခဲ့ပါဘူး။ 

မနေ့ကတော့ သူတို့အိမ်ကို ဝင်ထွက်သွားလာနေသူ ကလေး ဖခင်ရဲ့ အသိ၊ နိုင်းသျှို ဆိုသူ မြန်မာအလုပ်သမားတစ်ယောက်ကို ရဲတွေက မသင်္ကာလို့ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ 

နိုင်းသျှိုမှာ အစကတော့ ကလေးပျောက်တာ သူနဲ့မဆိုင်ဘူးလို့ငြင်းပယ်ခဲ့ပေမဲ့ ရဲတွေက တညလုံး စစ်ဆေးတော့ ညသန်းခေါင်ချိန်မှာ သူက 'ကလေးကို ခေါ်သွားတယ်လို့ ဝန်ခံလိုက်ပါတယ်၊ အဲဒါဟာ တောစောင့်နတ် တောင်စောင့်နတ်တွေရဲ့ အလိုအရလုပ်ရတာဖြစ်ပြီး  အဲဒီနေ့က ကလေးကို ရွာအနောက်ဘက် ၃ ကီလိုမီတာလောက်ဝေးတဲ့ တောင်ပေါ်က ဂူထဲမှာ သွားထားခဲ့ကြောင်း၊ ငှက်ပျောသီးတစ်ဖီးလည်း ချထားပေးခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ 

နိုင်းသျှိုမှာ ထိုင်းနိုင်ငံထဲ နေထိုင်ခွင့်အထောက်အထား တစုံတရာမရှိတဲ့အတွက် တရားမဝင်နေထိုင်မှုနဲ့ သူ့ကို ကနဦး အမှုဖွင့်ထားပြီး ကနေ့မနက်မှာတော့ တာဝန်ရှိသူတွေနဲ့အတူ ကလေးကိုထားခဲ့တဲ့ ဂူဆီ လိုက်ပြစေခဲ့ပါတယ်။ 

ဒါပေမဲ့ ဂူထဲမှာ ကလေးကို မတွေ့ရလို့ အနီးနားတဝိုက်တောထဲမှာ ဆက်လက်ရှာဖွေနေခဲ့ပါတယ်။ နေ့ခင်း ၁၂ နာရီလောက်မှာတော့ ရွာသားတွေက ကလေးလေးကို  ဂူအတက်လမ်း ပြောင်းဖူးခင်းထဲ လယ်စောင့်တဲမှာ ပြန်တွေ့ကြောင်း အကြောင်းကြားလို့ အားလုံးပြန်ဆင်းလာခဲ့ကြပါတယ်။ 

ကလေးမိခင်နဲ့ဖခင်မှာ လွန်စွာဝမ်းသာပြီး မိခင်ကတော့ ဟိုဒီခုန်ပေါက်ပြေးကာ ဝမ်းသာလုံး ဆို့ပြီးမေ့မြောသွားပါတယ်။ သူမဟာ ကလေးပျောက်တုန်းကလည်း ငိုရင်းနဲ့ မကြာခဏ သတိလစ်သွားပြီး သမီးကို ရှင်လျက်ပြန်တွေ့မယ်ဆို သူ့အသက်နဲ့ လဲချင်လဲရပါစေလို့ ပြောခဲ့တာပါ။ 

ကယ်ဆယ်ရေးကားက ကလေးကို ခေါ်ဆောင်လာတော့ တောစပ်မှာ လာရောက်စောင့်ဆိုင်းနေကြတဲ့ ဆွေမျိုးသားချင်းတွေ၊ ရွာသားတွေ၊ သတင်းထောက်တွေက လက်ခုပ်လက်ဝါးတီးပြီး အားပေးကြိုဆိုခဲ့ကြပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ယောက်က “ကလေးငယ်မှာ နုံးချည့်နေတာကလွဲလို့ သူတို့ တိုက်တဲ့နို့ဘူးကိုလည်း သောက်နိုင်ပြီး စကားလည်း ပြောနိုင်တယ်၊ အခြေအနေကောင်းတယ်"လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ကယ်ဆယ်ရေးကားရောက်တာနဲ့ အသင့်စောင့်နေတဲ့ လူနာတင်ကားက ကလေးကို ကျန်းမာရေးစစ်ဆေးဖို့ မိဘတွေနဲ့အတူ  မဲ့တိုင်ဆေးရုံကြီးဆီ ချက်ချင်းခေါ်သွားလိုက်ပါတယ်။ 

ဂူမှာထားခဲ့တဲ့ကလေးက ဘယ်လိုလုပ် လယ်စောင့်တဲနား ရောက်နေသလဲဆိုတာကိုတော့ ရဲတပ်ဖွဲ့က နိုင်းသျှိုကို ဆက်လက်စစ်ဆေးမေးမြန်းနေဆဲ ဖြစ်ပါတယ်။

3 mins Ago
Up