မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းတိုက်နယ်ရဲစခန်းကို မတ်လ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က မောင်းပြန်လက်နယ်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များတပ်ပေါင်းစု (CRC - PLA) က သိရပါတယ်။
(CRC - PLA) တပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်စိုးက "ရဲစခန်းဝင်းထဲမှာ ဆယ်ယောက်လောက် ရှိပါတယ်။ အဆောက်အဦတွေထဲမှာလည်း စစ်သားယူနီဖောင်းနဲ့ မြင်ရပါတယ်။ ရဲတစ်ကောင် ကျတယ်လို့သိထားပါတယ်။ မြေပြင်ရဲဘော်ရဲ့သတင်းပို့ချက်ပါ။ ကျနော်တို့က ပစ်ပြီး ချက်ချင်းဆုတ်တာဆိုတော့ ထိခိုက်ကျဆုံးမသိလိုက်ပါဘူး" လို့ ပြောပါတယ်။
ညောင်ကုန်းတိုက်နယ် ရဲစခန်းထဲက စစ်ကောင်စီတပ်သားတွေက ပြန်ပစ်ခတ်တာမျိုးမရှိဘဲ အကုန်ထွက်ပြေးကြပြီး အနီးပတ်ဝန်းကျင်က ပြည်သူတွေကိုလည်း ထိခိုက်တာမရှိဘူးလို့ ပြောပါတယ်။
ညောင်ကုန်းတိုက်နယ်ရဲစခန်း ဝင်ရောက်ပစ်ခတ်ခံရပြီးနောက် ပျော်ဘွယ်ဘက်ကနေ စစ်ကားတွေနဲ့ စစ်ကူတွေရောက်လာခဲ့သလို ညောင်ကုန်းပတ်ဝန်းကျင်မှာ ပိုက်စိပ်တိုက် စစ်ဆေးခဲ့ပါတယ်။
ကိုအောင်ကျော်စိုးက " မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်အခေါ်က တပ်မတော်နေ့ပါ၊ ကျနော်တို့အတွက်ကတော့ တော်လှန်ရေးနေ့ပါ။ ဒီနေ့မှာကျနော်တို့ ပြည်သူတွေ သွေးမအေးသေးဘူးဆိုတာကို ပြချင်လို့ပါ။ နောက်တစ်ခုက ကျနော်တို့အလယ်ပိုင်းမှာလည်း တော်လှန်တယ်ဆိုတာကို စကစဘက်ကကော တခြားဒေသကပြည်သူတွေကော သိစေချင်လို့ပါ။ ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေးကို ဆုံးခန်းတိုင် ဆင်နွှဲသွားပါမယ်"လို့ ပြောပါတယ်။
ဖက်ဆစ်တော်လှန်ရေးနေ့ မတ်လ ၂၇ ရက်က စစ်ကောင်စီက နေပြည်တော်မှာ စစ်ရေးပြနေချိန် မန္တလေးမြို့မှာလည်း ဗုံပေါက်ကွဲမှုဖြစ်ပွားခဲ့သလို ရန်ကုန်နဲ့ တခြားနယ်မြို့တွေမှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေအများအပြား ဖြစ်ပွားခဲ့ပါတယ်။
မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် မြို့သစ်ရပ်ကွက်မှာ နိုဝင်ဘာလ ၂၉ ရက်က ရေကန်ထဲ ရေဆင်းချိုးတဲ့ ကလေး ၂ ဦး ရေနစ်သေဆုံးသွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ရေနစ် သေဆုံးသွားတာ အသက် ၁၂ နှစ်နဲ့ ၁၄ နှစ် ကလေး ၂ ဦးပါ။ အလင်းရောင်ပရဟိတအဖွဲ့ရယ် အရပ်ထဲကလူတွေနဲ့ မီးသတ်အဖွဲ့တွေက ကူညီပြီး ရှာပေးကြတယ်။ ကလေးအလောင်းတွေကို အလင်းရောင်ပရဟိတအဖွဲ့ကပဲ ဆေးရုံပို့ပေးတယ်။”
မောင်မိုးလင်း (၁၂-နှစ်) နဲ့ မောင်သော်ဇင်ဟိန်း (၁၄-နှစ်) တို့ ရေကန်ထဲ ရေဆင်းချိုးရင်း သေဆုံးသွားခဲ့တာပါ။
ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးဖို့ ပျော်ဘွယ်မြို့မရဲစခန်းမှာ သေမှုသေခင်း အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။