ကိုဗစ်-၁၉ ကပ်ရောဂါကိုဖြစ်စေပြီး အိန္ဒိယမှာ ပထမဆုံးတွေ့ရတဲ့ ဒယ်လ်တာ ဗီဇမျိုးကွဲဟာ တစ်ကမ္ဘာလုံးကို စိုးမိုးလာတဲ့ ဗီဇမျိုးကွဲ ဖြစ်လာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ သိပ္ပံပညာရှင်ချုပ်က စောမြစွာမိနာသန်က ဇွန် ၁၈ ရက်မှာ ပြောပါတယ်။
အင်မတန်ကူးစက်လွယ်တဲ့ ဗီဇမျိုးကွဲအတွက် ထိရောက်တဲ့ ကာကွယ်ဆေးအသစ်ကို ပိုလိုအပ်နေချိန်မှာ CureVac ရဲ့ စမ်းသပ်ဆဲ ကာကွယ်ဆေးက WHO ရဲ့ အစွမ်းထက်မှု စံချိန်စံညွှန်းကို မပြည့်မီတဲ့အတွက် စိတ်ပျက်မိတယ်လို့လည်း သူက ပြောပါတယ်။
CureVac ကာကွယ်ဆေးဟာ ထိရောက်မှု ၄၇ ရာခိုင်နှုန်းသာရှိပြီး WHO ရဲ့ စံသတ်မှတ်ချက် ၅၀ ရာခိုင်နှုန်းကို မပြည့်မီဘူးလို့ဆိုပါတယ်။ ဖှိုက်ဇာ၊ ဘိုင်အိုအန်တက်ခ်နဲ့ မိုဒါနာတို့က ထုတ်တဲ့ ကာကွယ်ဆေးတွေက ထိရောက်မှု ၉၀ ရာခိုင်နှုန်းနဲ့ ထိပ်တန်းမှာ ပြေးနေပေမဲ့ ကမ္ဘာကြီးဟာ CureVac ရဲ့ ကာကွယ်ဆေးကို ပိုပြီး မျှော်လင့်ထားခဲ့တာလို့ ဆွာမိနာသန်က ပြောပါတယ်။
အရှိန်မြှင့်ပြီး ကာကွယ်ဆေး ထိုးနေပေမဲ့ ဒယ်လ်တာ ဗီဇမျိုးကွဲဟာ အင်အားကြီးကြီး စိုးမိုးတဲ့ ဗီဇမျိုးကွဲ အမြန်ဖြစ်လာလိမ့်မယ်လို့ ဂျာမန်ထိပ်တန်း ပြည်သူ့ကျန်းမာရေးအရာရှိက ဟောကိန်းထုတ်ပါတယ်။
ဗြိတိန်မှာလည်း ဒီမျိုးကွဲ ကူးစက်ခံ အရေအတွက်က သိသိသာသာ တိုးလာတယ်လို့ ကြေညာထားပါတယ်။
ရုရှားမြို့တော် မော်စကိုမှာလည်း ဒယ်လ်တာ မျိုးကွဲသစ် ကူးစက်ခံ အများစု အပါအဝင် ကူးစက်မှု အသစ်တွေ စံချိန်တင် မြင့်တက်ခဲ့လို့ ကူးစက်မှု တတိယလှိုင်းကို စိုးရိမ်နေ ကြတာပါ။ ရုရှားအစိုးရကတော့ ကာကွယ်ဆေးထိုးဖို့ တွန့်ဆုတ်သူတွေကို အပြစ်တင် ထားပါတယ်။
အာဖရိကတိုက်က နမီးဘီးယား၊ ဆီရီယာလီယွန်၊ လိုက်ဘေးရီးယား၊ ရဝမ်ဒါ နိုင်ငံတွေမှာ အရင်အပတ်က ကူးစက်ခံအသစ် ဦးရေ ၂ ဆ တိုးလာပြီး ကာကွယ်ဆေး ရနိုင်တဲ့ ပမာဏက အလွန့်အလွန် နည်းနေတုန်းပဲလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။