close

ပြင်ပလူနာဌာန

close

September 29, 2022

ဂျပန်လှူဒါန်းငွေဖြင့် ဆောက်လုပ်နေသည့် မောင်တောဆေးရုံပြင်ပလူနာဆောင် အချိန်မီ မပြီးစီး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ပြည်သူ့ဆေးရုံကြီးမှာ လိုအပ်နေတဲ့ အရေးပေါ် ပြင်ပလူနာဌာနအတွက် ဂျပန်နိုင်ငံမှ ဒေါ်လာ ၁၉၈,၃၀၂ လှူဒါန်းမှုနဲ့ ဆောက်လုပ်နေတဲ့ ပြင်ပလူနာဆောင် ပြီးစီးအပ်နှံရမယ့်အချိန်ထက် တနှစ်ကျော်ကြာအထိ မပြီးနိုင်သေးဘူးလို့ ခရိုင်ကျန်းမာရေးကော်မတီဝင်တွေဆီက သိရပါတယ်။

မောင်တောခရိုင် ကျန်းမာရေးကော်မတီဝင် ဦးလှမြင့်က “ကုမ္ပဏီက ဆောက်လုပ်အပ်နှံရမယ့် နေ့ထက် တနှစ်တောင်ကျော်လာပြီ မပြီးနိုင်သေးဘူး။ ဂျပန်သံရုံးကိုလည်း အကြိမ်ကြိမ် စာတင်ပြီး အကြောင်းကြားတယ်။ သူတို့ ဂျပန်မူဝါဒအရ ကုမ္ပဏီကို တရားစွဲလို့မရဘူးလို့ ပြောတယ်။ ဂျပန်အစိုးရကလည်း ကုန်ငွေ ၈၀ ရာခိုင်နှုန်းအထိ ပေးပြီးသွားပြီ” လို့ ပြောပါတယ်။

အဆိုပါ ဂျပန်နိုင်ငံက လှူဒါန်းထားတဲ့ အရေးပေါ်ဌာနနဲ့ ပြင်ပလူနာစောင့်ကြည့်ဌာနကို ‘သီတာရေစင်’ ဆောက်လုပ်ရေးကုမ္ပဏီက ကြိုတင်ရငွေ ၈၀ ရာခိုင်နှုန်းနဲ့ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၄ ရက်က စတင်ဆောက်လုပ်ခဲ့ပြီး ပြီးစီးအပ်နှံရမယ့် ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်မှာ မပြီးခဲ့သလို ဒီနေ့အထိလည်း မပြီးစီးသေးပါဘူး။

အဲဒီ အရေးပေါ်ပြင်ပလူနာ စောင့်ကြည့်ရေးဌာန ဆောက်လုပ်နေတာ အချိန်ကြန့်ကြာနေတာ​ကြောင့် ခရိုင်ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာန OPT အတွက် အခက်တွေ့နေကြောင်း မောင်တောခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသိစံက ပြောပါတယ်။

“အရေးပေါ်နဲ့ ပြင်ပလူနာဌာန ဆောက်လုပ်တာ ၂ နှစ်ကျော် ၃ နှစ် ပြည်တော့မယ်။ အခုထိ မပြီးနိုင်တော့ ဆေးရုံအနေနဲ့ ပြင်ပလူနာဌာန OPT ကို သတ်သတ်မှတ်မှတ် စနစ်တကျ မထားနိုင်ဘူး ဖြစ်နေတယ်။ ဆောက်လုပ်ပြီးစီးရမယ့် သက်တမ်းကျော်သွားတာလည်း ၂ နှစ်ပြည့်တော့မယ်။ အခုထိ ၅၀ ရာခိုင်နှုန်း‌လောက်သာ ပြီးနိုင်သေးတယ်။”

လက်ရှိမှာ ‘သီတာရေစင်’ ဆောက်လုပ်ရေးကုမ္ပဏီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာအပြီး ဆောက်လုပ်ပေးဖို့ ဂျပန်သံရုံးထံ သက်တမ်းတိုး အသနားခံစာ တင်ပြထားကြောင်း မောင်တောခရိုင် ကျန်းမာရေးကော်မတီက သိရပါတယ်။

4 mins Ago

March 27, 2022

ဂျပန်လှူဒါန်းသည့် မောင်တောဆေးရုံ အရေးပေါ်ဌာနနှင့် ပြင်ပလူနာဌာနဆောက်လုပ်မှု ကြန့်ကြာနေ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ပြည်သူ့ဆေးရုံကြီးအတွက် ဂျပန်နိုင်ငံက လှူဒါန်းထားတဲ့ အရေးပေါ်ဌာနနဲ့ ပြင်ပလူနာစောင့်ကြည့်ရေးဌာန ဆောက်လုပ်နေတာ ၂ နှစ်ကျော်ကြာတဲ့ အထိ မပြီးသေးဘဲကြန့်ကြာနေလို့ ခရိုင်ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာန OPT အတွက် အခက်အခဲကြုံတွေ့နေပါတယ်။

မောင်တောခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသိစံက “အရေးပေါ်နဲ့ ပြင်ပလူနာဌာန ဆောက်လုပ်မှု မပြီးနိုင်တော့ ဆေးရုံအနေနဲ့ ပြင်ပလူနာဌာန OPT ကို သတ်သတ်မှတ်မှတ် စနစ်တကျမထားနိုင်ဘူးဖြစ်နေတယ်။ ဆောက်လုပ်တာလည်း ၂ နှစ်ကျော်ကြာနေပြီ။"လို့ ပြောပါတယ်။

အရေးပေါ်ဌာနနဲ့ ပြင်ပလူနာစောင့်ကြည့်လူနာဌာနကို သီတာရေစင် ဆောက်လုပ်ရေးကုမ္ပဏီက ၂၀၁၉ ခုနှစ်စပိုင်းမှာ ဆောက်လုပ်နေတာဖြစ်ပြီး ဆောက်လုပ်မူ ကုန်ကျမူ ၈၀ ရာခိုင်နှုန်းကို ဂျပန်အစိုးက ထုတ်ပေးပြီးဖြစ်ပေမဲ့ ယနေ့အထိ မပြီးစီးသေးတာပါ။

မောင်တောခရိုင်ကျန်းမာရေးကော်မတီ တာဝန်ရှိသူ တဦးက "ဆောက်နေတာ ၂ နှစ်ကျော်နေပြီ။ အဲဒီကုမ္ပဏီကိုလည်း ကော်မတီက တာဝန်ရှိသူတွေ သွားတွေ့ပြီး တင်ပြထားတယ်။ မကြာမီတော့ ပြီးစီးအောင်ဆောက်လုပ်ပေးမယ်လို့ တော့ထင်တယ်။"လို့ ပြောပါတယ်။

မောင်တောခရိုင်ပြည်သူဆေးရုံဟာ ခရိုင်ဆေးရုံဖြစ်ပေမဲ့   X-Ray ဓာတ်မှန်ရိုက်တာနဲ့  ECG ရိုက်တာမှန်ကန်အောင်မပြုနိုင်တဲ့အတွက် ပြင်ပဆေးခန်းတွေမှာသာ သွားရောက် စစ်ဆေးနေရတယ်လို့  လူနာရှင်တယောက်က ပြောပါတယ်။

"ခရိုင်ဆေးရုံဖြစ်ပြီး ECG နဲ့ X-Ray တောင် အဆင်ပြေ​စွာ မစစ်ဆေးနိုင်တော ။ စိတ်ညစ်စရာ ကောင်းပါတယ်။"လို့ ပြောပါတယ်။

မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီးအတွက် ဂျပန်က  အရေးပေါ်ဌာနနဲ့ ပြင်ပလူနာ စောင့်ကြည့်ရေးဌာနအပြင်  ဓာတ်မှန်စက်နဲ့ တခြားစက်ကရိယာတွေပါ လှူဒါန်းထားပြီး  လက်ရှိမှာ အဆောက်အအုံ ၅၀ ရာခိုင်နှုန်းသာပြီးစီးပေမဲ့  ဓာတ်မှန်စက်နဲ့ တခြားစက်ကိရိယာတွေကတော့ အသုံးပြုနေပြီ ဖြစ်ပါတယ်။

6 months Ago
Up