close

ပြင်သစ်နယ်စပ်

close

September 3, 2022

ပြင်သစ်နယ်စပ်တွင် ဓာတ်ဆီဈေး လျှော့ရောင်းသဖြင့် ဘယ်လ်ဂျီယံကားများ တန်းစီဝယ်ယူ

ဓာတ်ဆီဈေးနှုန်းအတွက် ပြင်သစ်အစိုးရရဲ့ အကြီးစား ပံ့ပိုးကူညီမှုကြောင့် ယူရိုငွေ ဆင့် ၃၀ ထက် ပိုစျေးသက်သာတဲ့ ပြင်သစ်နယ်စပ်က ဓာတ်ဆီဆိုင်တွေမှာ ဘယ်လ်ဂျီယံကားတွေ တန်းစီပြီး ဝယ်ယူနေကြပါတယ်။ 

ပြင်သစ်ရဲ့ အဓိကရေနံကုမ္ပဏီ Total ဟာ ဓာတ်ဆီဆိုင်ပေါင်း ၃,၅၀၀ မှာ တလီတာ ဝယ်ယူရင် ယူရို ၂၀ ပြန်အမ်းပေးခဲ့ပြီး ဒီပြန်အမ်းငွေဟာ ပြင်သစ်ဓာတ်ဆီဆိုင်အားလုံးမှာ အစိုးရ ရန်ပုံငွေကနေ ဆင့် ၃၀ ပြန်အမ်းပေးတာပါ။

အသက် ၂၉ နှစ်အရွယ် ဘယ်လ်ဂျီယံ ဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်ကတော့ သူ့ဇာတိမြို့ကနေ ပြင်သစ်နယ်စပ်မြို့ကို ကားမောင်းသွားတာ တွက်ခြေကိုက်သွားပြီလို့ ပြောပါတယ်။ 

“ဒီမှာ ဂက်စ်ဈေးတွေက ဆင့် ၃၀ ပိုသက်သာတော့ ဆီအပြည့်ဖြည့်ရင် ကွာခြားချက်က သိသာသွားတယ်” လို့ ပြောပါတယ်။ 

နယ်စပ်ကနေ ၇ ကီလိုမီတာအကွာလောက်မှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် စက်ရုံလိုင်းလုပ်သား တယောက်ကလည်း ဒီလိုလမ်းလွှဲလေးတခုလောက် သွားလိုက်တာနဲ့ လောင်စာဆီဖိုး ၁၀ ယူရိုကို ချွေတာနိုင်လို့ ရောက်လာခဲ့တာလို့ ပြောပါတယ်။

ပြင်သစ်ရဲတွေကတော့ ယာဉ်ကြောပိတ်ဆို့မှုကို တားဆီးဖို့ ညွှန်ကြားရှင်းလင်းခဲ့ရပါတယ်။ အစိုးရနဲ့ Total ကုမ္ပဏီက ကမ်းလှမ်းတဲ့ လျှော့စျေးတွေကြောင့် တနေ့တည်း ဖောက်သည်အရေအတွက် နှစ်ဆတိုးလာပြီး ဓာတ်ဆီပမာဏ သုံးဆကျော် ရောင်းချခဲ့ရတယ်လို့ ဓာတ်ဆီဆိုင် ဝန်ထမ်းက ပြောပါတယ်။ 

“လောင်စာဆီ အချိန်မီ ပို့ပေးဖို့ ပြဿနာတော့ ကြုံတွေ့ရနိုင်တယ်။ ဒီမှာ ဆီလှောင်ကန်ကြီးတွေ ရှိပေမဲ့ အခုကြုံနေရတဲ့ ဓာတ်ဆီအဝယ်ကြောင့် လျော့ကျသွားမှုတွေက ဖြည့်နိုင်တာထက် ပိုမြန်နေပါတယ်။” 

Total ရဲ့ ဩဂုတ် ၁ ရက် ထုတ်ပြန်ချက်မှာ ၂၀ ရာခိုင်နှုန်းလျှော့စျေးဟာ အောက်တိုဘာ ၃၁ ရက်အထိဖြစ်ပြီး နိုဝင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်လီတာကို ၁၀ ဆင့်ထိ ကျဆင်းသွားမယ်လို့ ဆိုထားပါတယ်။ 

3 hours Ago
Up