ပြင်သစ်နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဟာ မြေထဲပင်လယ်အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီကို ယူကရိန်းဆန်တင်ပို့မှု တိုးမြှင့်ရေးကူညီဖို့ ရိုမေးနီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ စက်တင်ဘာ ၁၂ ရက်မှာ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။
ယူကရိန်းရဲ့ စပါးတင်ပို့မှုဟာ တင်ပို့ဖို့ အဓိကလမ်းကြောင်းဖြစ်တဲ့ ပင်လယ်နက်ဆိပ်ကမ်းတွေကို ပိတ်လိုက်တာကြောင့် စစ်ပွဲစတင်ချိန်ကစပြီး ကျဆင်းသွားခဲ့တာပါ။
ဒါကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ဈေးတက်လာပြီး အာဖရိကနဲ့ အရှေ့အလယ်ပိုင်းတို့မှာ စားနပ်ရိက္ခာ ရှားပါးလာမှာကို စိုးရိမ်နေကြပါတယ်။
ပြင်သစ်ပြီးရင် အီဂျစ်အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေဆီကို ဥရောပကနေ ဂျုံ ဒုတိယအများဆုံးနဲ့ ပြောင်းအများဆုံး တင်ပို့တဲ့နိုင်ငံဖြစ်တဲ့ ရိုမေးနီးယားဟာ ယူကရိန်း ကောက်ပဲသီးနှံတွေကို တင်ပို့ရာမှာ အစားထိုးလမ်းကြောင်းတွေထဲက တခု ဖြစ်လာတာပါ။
သဘောတူညီချက်ထဲမှာ စားသောက်ကုန်တွေ ပြည်ပတင်ပို့ရာမှာ ကုန်းလမ်း ပင်လယ်ရေကြောင်းလမ်းနဲ့ မြစ်ကြောင်းလမ်းတွေကနေ တင်ပို့ဖို့ပါတယ်လို့ ပြင်သစ် သယ်ယူပို့ဆောင်ရေးဝန်ကြီး ကလေမွန်ဘွန်က စက်တင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
ပြင်သစ်- ရိုမေးနီးယား သဘောတူညီချက်မူကြမ်းအရ ရိုမေးနီးယားမြောက်ပိုင်းမှာရှိတဲ့ နယ်နိမိတ် မှတ်တိုင်တွေတပ်ဆင်ပြီး ဂါလာတီဆိပ်ကမ်းမှာ ထိရောက်မှုတိုးမြင့်လာစေဖို့ ရည်ရွယ်ကာ စီမံကိန်းတရပ် တည်ဆောက်ရာမှာ ပြင်သစ်အစိုးရက ပူးပေါင်းဆောင်ရွက်မှာပါ။
ပြင်သစ်အစိုးရဟာ ကွန်စတန်တာဆိပ်ကမ်းမှာ ကောက်ပဲသီးနှံ ကုန်သေတ္တာတွေသုံးစွဲမှု အမြင့်ဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို ဆူလီနာ တူးမြောင်းအတွင်း စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမှာလည်းရှိပါတယ်။
ပြင်သစ်ဟာ ကနဦးနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုအတွက် ရန်ပုံငွေပံ့ပိုးပေးမှာဖြစ်ပြီး အနာဂတ်အတွက် ဘဏ္ဍာငွေရှာဖွေဖော်ထုတ်ဖို့ ရိုမေးနီးယားအစိုးရနဲ့အတူ ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။