ပြင်သစ် နိုင်ငံတကာသတင်း အေဂျင်စီ (AFP) ရဲ့ ယူကရိန်းရှိ ဌာနခွဲမှ ရုပ်သံသတင်းထောက် အသက် ၃၂ နှစ် အရွယ် အာမန် ဆိုလ်ဒင် ဟာ ယူကရိန်းအရှေ့ပိုင်းရှိ ချာဆိဗ်ယားမြို့မှာ Grad ဒုံးပျံနဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ဒီအဖြစ်အပျက်ကို မျက်မြင်တွေ့ခဲ့တဲ့ AFP လုပ်ဖော်ကိုင်ဘက်တွေကို ကိုးကားပြီး AFP က တွစ်တာမှာ ရေးသား ဖော်ပြခဲ့ပါတယ်။
“ဒီနေ့ ယူကရိန်းအရှေ့ပိုင်းမှာ AFP ဗီဒီယိုသတင်းထောက် အာမန်ဆိုလ်ဒင် ကွယ်လွန်တာကို သိလိုက်ရလို့ စိတ်မကောင်းဖြစ်ရပါကြောင်း” ရေးထားပါတယ်။
ဆိုလ်ဒင်ဟာ လုပ်ဖော်ကိုင်ဘက် ၄ ဦးနဲ့ အတူရှိနေခဲ့ပြီး ကျန်သူအားလုံးမှာ ထိခိုက်မှုမရှိပါဘူး။ တိုက်ခိုက်မှုအတွင်း သူတို့ဟာ ယူကရိန်းစစ်သားတွေနဲ့အတူ ရှိနေခဲ့ကြောင်း အေအက်ဖ်ပီက တွစ်တာမှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်း အရှေ့ပိုင်းမှာ လအတော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားရာ ဗဟိုချက်ဖြစ်တဲ့ ဘတ်ခ်မွတ်နဲ့ နီးတဲ့ မြို့အစွန်အဖျားမှာ တိုက်ခိုက်မှု ဖြစ်ပွားလေ့ရှိပါတယ်။
ပြင်သစ်နိုင်ငံ အဲ့လ်ပ်စ် တောင်တန်းက မောင့်ဘလွန့်တောင်ရဲ့ အနောက်တောင်ပိုင်းမှာ နှင်းထုပြိုကျလို့ လူ ၄ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဂျေရတ် ဒါမန်နာက ဧပြီ ၉ ရက်မှာ ပြောပါတယ်။
အာမွန်ဆတ် ရေခဲမြစ်ပေါ်မှာ မနေ့ နေ့လယ်ပိုင်းက နှင်းထုပြိုကျခဲ့တာလို့ သူက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။
နှင်းထုပြိုကျချိန်မှာ ထိခိုက်သေဆုံးသူတွေဟာ ကျေးလက် နှင်းလျှောစီး အပန်းဖြေ နေကြသူတွေဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေ ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ဖို့ အတည်ပြုနေဆဲလို့ ဒေသန္တရ အာဏာပိုင်တွေရဲ့ ပြောခွင့်ရ အီမန်နျူယယ် ကိုကွန်က ပြောပါတယ်။
မီတာ ၃၅၀၀ အမြင့်ကနေ နှင်းထုပြိုကျလို့ မိုင်ဝက်အရှည်နဲ့ ကိုက် ၅၅၀ အကျယ်ရှိတဲ့ ဒေသတခုလုံး ဖုံးသွားခဲ့ကြောင်း၊ ပြိုကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
နောက်ထပ် သေဆုံးဒဏ်ရာရသူတွေရှိခဲ့ရင် ကယ်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေဆဲ ဖြစ်ပြီး သေဆုံးဒဏ်ရာရတဲ့ မိသားစုတွေအတွက် စိတ်မကောင်းကြောင်း ပြင်သစ်သမ္မတ အီမန်နျုယယ် မက်ခွန်းက တွစ်တာ လူမှုကွန်ယက်ပေါ်မှာ ရေးခဲ့ပါတယ်။