စစ်တပ်မြို့ဖြစ်တဲ့ ပြင်ဦးလွင်မြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီဘက်က မြို့ပြင်နဲ့ မြို့တွင်းရှိ နေရာတစ်ချို့မှာ ကင်းပုန်းများချထားပြီး လုံခြုံရေး ပိုမိုတင်းကြပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်၊၊
ပြင်ဦးလွင်မြို့မှာရှိတဲ့ ဘဏ်တစ်ချို့နဲ့ ရပ်ကွက်ရုံးတွေ၊ လမ်းဆုံ မီးပွိုင့်နေရာနဲ့ မော်တော်ပီကယ် ကင်းတဲရှိတဲ့ နေရာတွေမှာ ကင်းပုန်းတွေ ချထားတဲ့အပြင် ဘုန်းကြီးကျောင်းတစ်ချို့မှာလည်း တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းလောက်က စစ်ကား ၈ စီးနဲ့ တပ်မ ၈၈ ကို တင်ဆောင်လာခဲ့ပြီး တောင်ပေါ်နေရာတစ်ချို့နဲ့ ဘုရားအနီးတွေမှာ ကင်းလှည့်နေတဲ့အပြင် မသင်္ကာစရာ တွေ့ပါက ပစ်မိန့်ပေးထားတယ်လို့လည်း သိရပါတယ်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ ကိုဗစ်ကပ်ဘေးကာလ ပြည်သူတွေအပြင်သွားလာခွင့်အချိန်ကို သြဂုတ် ၂၃ ရက်ကစပြီး မနက် ၄ နာရီ မှ ၁၀ နာရီ အထိနဲ့ ညနေ ၃ နာရီမှ ည ၇ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
ကိုဗစ်-၁၉ ရောဂါလျော့နည်းကျဆင်းစေဖို့ အတွက် အခုလို အချိန်ကန့်သတ်လိုက်တာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဒေသဆိုင်ရာတာဝန်ရှိသူတွေက ထုတ်ပြန်ထားပြီး သွားလာရာမှာလည်း ခွင့်ပြုလက်မှတ်နဲ့သာ သွားလာခွင့်ပြုမယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကျန်အချိန်တွေအတွက် သွားလာခွင့်ကို နိုင်ငံ့ဝန်ထမ်းတွေ၊ ခွင့်ပြုထားတဲ့ ကုမ္ပဏီဝန်ထမ်းတွေ၊ တာဝန်နဲ့ သွားလာဖို့ ခွင့်ပြုထားသူတွေ၊ ကျန်းမာရေးကိစ္စဆောင်ရွက်နေသူတွေကို စိစစ်ခွင့်ပြုသွားမယ်လို့ ထုတ်ပြန်ထားပါတယ်
စည်းကမ်းဖောက်ဖျက်ပါက ဥပဒေနဲ့အညီ ထိရောက်ပြင်းထန်စွာ အရေးယူမယ်လို့ ဒေသဆိုင်ရာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သြဂုတ် ၂၁ ရက် ညပိုင်းက ထုတ်ပြန်ချက်မှာ ပြင်ဦးလွင်မှာ သြဂုတ် ၂၀ ရက် တစ်ရက်တည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၉ ဦး ရှိပြီး သေဆုံးသူ ၂ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြင်ဦးလွင်မြို့မှာ သြဂုတ် ၂၁ ရက်က ကိုဗစ်၀၁၉ လူနာ ၅ ဦးနဲ့ ကိုဗစ်သံသယလူနာ ၈ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းကနေ သိရပါတယ်။
ကိုဗစ်တတိယလှိုင်းကာလ ပြင်ဦးလွင်မြို့နယ်မှာ ကိုဗစ် ပိုးတွေ့သူနဲ့ သေဆုံးသူ မြင့်တက်လာတာကြောင့် ဇူလိုင် ၃ ရက်မှစတင်ကာ Stay at Home အမိန့် ထုတ်ပြန်ထားပါတယ်။