close

ပြင်ဦးလွင်

close

March 17, 2023

ပြင်ဦးလွင်၌ ယာဉ်တိုက်မှုဖြစ်ပြီး ကားမောင်းပြေးမှု ၂ ကြိမ်ဖြစ်၊ ‌၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ

မန္တလေး၊ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်းမှာ မတ်လ ၁၅ ရက် တနေ့တည်း ဆိုင်ကယ်နဲ့ ကား ဝင်တိုက်ပြီး ကားမောင်းပြေးမှု ၂ ကြိမ်ဖြစ်ပွားခဲ့တာကြောင့် ‌ဆိုင်ကယ်သမား ၁ ဦး သေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မတ်လ ၁၅ ရက် မနက် ၉ နာရီက ပြင်ဦးလွင်၊ အနီးစခန်း၊ အမှတ် ( ၁ )သံမဏိစက်ရုံအထွက်လမ်းနား မြို့ရှောင်လမ်းမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဦးခေါင်းကွဲအက်ဒဏ်ရာနဲ့ အသက် ၂၂ နှစ်အရွယ် ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူ အမျိုးသားဟာ ဖောင်းတောရွာ၊ ကချင်စုမှာ နေသူဖြစ်ပြီး ပြင်ဦးလွင်မြို့ထဲကို ဆိုင်ကယ်စီး အလုပ်သွားချိန် လမ်းမှာ ကားက ဝင်တိုက်လို့ ပွဲချင်းပြီး သေဆုံးခဲ့တာပါ။

အဲ့ဒီည ၇ နာရီခွဲလောက်ကလည်း ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၁၇ ၊ မန္တလေး- လားရှိုးသွား လမ်းမကြီး၊ အနီးစခန်းရဲကင်းအနားမှာ ဆိုင်ကယ် ၂ စီးကို ကားက ဝင်တိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးအနက် ၂ ဦး စိုးရိမ်ဒဏ်ရာနဲ့ ပြင်ဦးလွင်ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ သိရပြီး ဝင်တိုက်ခဲ့တဲ့ ကားက မောင်းပြေးသွားတယ်လို့ သိရပါတယ်။

အနီးစခန်းက ပရဟိတအသင်းဝင်းတယောက်က " ဒါနဲ့ဆို နှစ်ကြိမ်ရှိသွားပြီ၊ မနက်ပိုင်းက DB (အလောင်း) တစ်ယောက်ရတယ်၊ အခုဟာက ရပ်ကွက်ကြီး ၁၇၊ အနီးစခန်းရဲကင်းအကျော်မှာ ညက ကားတိုက်မှု ဖြစ်ပွားတာပါ။ ကားတိုက်တဲ့အရှိန်နဲ့ ခြေထောက်က အသားတွေလှန်ပြီး ပဲ့ကုန်တာ များတယ်။ နှစ်ဦး စိုးရိမ်ရနဲ့ ဆေးရုံပို့ထားပါတယ်။ တိုက်သွားတဲ့ကားကို မြင်လိုက်တဲ့သူ ရှိတယ်လို့ ပြောတယ်၊ ကားသမားတော့ မမိသေးဘူး" လို့ ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ် အနီးစခန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဆိုင်ကယ်နဲ့ ကားတိုက်မှု ၅ကြိမ်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦး ရှိပေမဲ့ ကားမောင်းပြေးတဲ့ ဖြစ်စဉ်မျိုး မရှိဘူးလို့ သိရပြီး ယာဉ်တိုက်မှုကနေ တိုက်ပြီးထွက်ပြေးသွားတဲ့ ကား‌တွေကို ပြင်ဦးလွင်မြို့နယ်ရဲစခန်းက စုံစမ်းနေပါတယ်။

2 hours Ago

February 27, 2023

ပြင်ဦးလွင်၌ ပိုက်ဆံအိတ်လုသူနောက် ပြန်လိုက်သည့် ဆိုင်ကယ်စီးအမျိုးသမီး ကားဖြင့်တိုက်မိ

မန္တလေး၊ ပြင်ဦးလွင်မြို့၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ညနေ ၄ နာရီ ၁၅ မိနစ်လောက်က ဆိုင်ကယ်နဲ့ကား မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်ပေါ်ပါ အမျိုးသမီး နှစ်ယောက်အနက် မောင်းသူအမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပြင်ဦးလွင်အခြေစိုက် လူမှုကူညီရေးအသင်းတခုဆီက သိရပါတယ်။

မနေ့ညနေပိုင်းမှာ ရပ်ကွက်ကြီး ၆၊ သစ်တောလမ်းထောင့်ရှိ ခေါက်ဆွဲဆိုင်နားမှာ   သစ်တောလမ်းရှိ ညဈေးတန်းကနေ ပြန်လာတဲ့ ဆိုင်ကယ်စီး အမျိုးသမီး ၂ ဦးရဲ့ ပိုက်ဆံအိတ်ကို ဆိုင်ကယ်စီး အမျိုးသားတဦးကနေ လုယူသွားတာကြောင့် လုယက်သူနောက်ကို ‌ဆိုင်ကယ်နဲ့လိုက်နေချိန်မှာ အရှိန်မထိန်းနိုင်တော့ဘဲ လိုက်ထရပ်ယာဉ်နဲ့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။

ထိခိုက်ဒဏ်ရာရရှိသူဟာ အသက် ၃၀ အရွယ်၊ ရပ်ကွက်ကြီး ၂ မှာ နေထိုင်သူ အမျိုးသမီးတဦးလို့ သိရတဲ့အပြင် ယာဉ်တိုက်မှုကြောင့် ညာဘက်ပေါင်ကျိုး၊ ညာလက်ကောက်ဝတ် အဆစ်လွဲ ဒဏ်ရာနဲ့ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပြီး ဖုန်းတလုံး၊ ကျပ်ငွေ ၅၀,၀၀၀ ခန့်ပါ ပိုက်ဆံအိတ် လုယက်ခံခဲ့ရတယ်လို့ သိရပါတယ်။

“ပိုက်ဆံအိတ်အလုခံရတဲ့နောက်ကို ကောင်မလေး နှစ်ယောက်က ပြန်လိုက်တာ။ လိုက်ရင်းကနေ အရှိန်လွန်ပြီးတော့ တဖက်က လိုက်ထရပ်ကို ပြန်ဝင်တိုက်တာ။ ရပ်ကွက်ကြီး ၆ သစ်တောလမ်းမှာ ဖြစ်တာပါ။ တဦးကတော့ တော်တော်ပြင်းတယ်၊ ခေါင်းရော၊ မျက်နှာရော၊ ပေါင်ရော၊ ပေါင်လည်းကျိုးတယ်၊ ညာဘက်လက်မောင်း အဆစ်လွဲတယ်၊ ခေါင်းလည်း နည်းနည်းထိခိုက်ဒဏ်ရာရရှိထားတယ်။ တယောက်ကတော့ ဘာမှ မဖြစ်သွားဘူး၊ ကားသမားလည်း ဘာမှမဖြစ်ပါဘူး” လို့ မြို့ခံလူမှုကူညီရေးအသင်းက ‌ပြောပါတယ်။

ပိုက်ဆံအိတ်လုယက်သူကိုတော့ ဖမ်းမမိသေးဘူးလို့ သိရတဲ့အပြင် လူနာအမျိုးသမီးကို ပြင်ဦးလွင်ဆေးရုံ ပို့ဆောင်ထားပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရပြီလို့ မြို့ခံလူမှုကူညီရေးအသင်းဆီက သိရပါတယ်။

3 weeks Ago
Up