အင်ဒိုနီးရှားနိုင်ငံမှာ အခုနှစ်အတွင်း ပြင်းထန်ကျောက်ကပ်ရောဂါ (AKI) ကြောင့် ကလေးငယ် ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက အောက်တိုဘာ ၁၉ ရက်မှာ ပြောကြားလိုက်ပြီး ပညာရှင်အဖွဲ့တဖွဲ့က ဒီကိစ္စတွေ ပျံ့နှံ့ဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးနေပါတယ်။
အောက်တိုဘာ ၁၈ ရက်အထိ အင်ဒိုနီးရှားအာဏာပိုင်တွေဟာ ကလေးငယ်တွေကြားမှာ AKI ရောဂါဖြစ်ပွားမှု ၂၀၆ ခုကို တွေ့ရှိခဲ့ပြီး ၉၉ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ဒ်ဆေယာရေးလ်က ပြောပါတယ်။
ကြိုတင်ကာကွယ်မှုအနေနဲ့ သုတေသနနဲ့ စုံစမ်းစစ်ဆေးမှု မပြီးမချင်း ဘာသောက်ဆေးအရည်ကိုမှ ဆေးညွှန်းမပေးကြဘဲ ယာယီရပ်ထားပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းအားလုံးကို ညွှန်ကြားထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
ဂျကာတာမှာ ရောဂါဖြစ်ပွားမှု ၆၅ ရာခိုင်နှုန်းကို ကုသပေးခဲ့ကြောင်းလည်း ဖြည့်စွက်ပြောဆိုပါတယ်။
ဂမ်ဘီယာနိုင်ငံမှာတော့ ဒိုင်အက်သလင်းဂလိုက်ကောလ်နဲ့ အက်သလင်း ဂလိုက်ကောလ်တို့ လွန်လွန်ကဲကဲ ပါဝင်နေတဲ့ ပါရာစီတမော ဆေးရည်နဲ့ဆက်နွှယ်ပြီး ပြင်းထန်ကျောက်ကပ်ရောဂါ (AKI) ကြောင့် ကလေးငယ် အယောက် ၇၀ သေဆုံးမှုကို စုံစမ်းစစ်ဆေးနေပါတယ်။
အင်ဒိုနီးရှား အစားအသောက်နဲ့ ဆေးဝါးအေဂျင်စီမှ တာဝန်ရှိသူတွေကတော့ အဲဒီထုတ်ကုန်တွေကို ပြည်တွင်းမှာ မရနိုင်ကြောင်းနဲ့ အဲဒီဆေးရည်ထဲက ပါဝင်ပစ္စည်းတွေကိုလည်း နိုင်ငံတွင်းမှာ ရောင်းချနေတဲ့ ကလေးဆေးရည်တွေ အားလုံးကနေ တားမြစ်လိုက်ပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။