မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၃၈ လမ်း၊ ၈၇ လမ်းနဲ့ ၈၈ လမ်းကြား၊ ရတနာပုံသာ (ဦးပေစိ) ဘုရားဝင်းအတွင်း စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာမှာ နိုဝင်ဘာ ၁၉ ရက် ည ၇ နာရီဝန်းကျင်က ဗုံးနဲ့ ပစ်ခံရပြီး စစ်ကောင်စီတပ်သား ၂ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“ဦးပေစိ ဘုရားထဲမှာရှိတဲ့ စစ်သားတွေကို ဗုံးနဲ့ ပစ်သွားတာ။ ဗုံးကွဲတော့ အဲ့ဒီထဲကနေ ပြန်ပစ်တယ်။ လေး ငါး ဆယ် ချက်လောက်ရှိမယ်။” လို့ အနီးနားနေ ပြည်သူတဦး က ပြောပါတယ်။
GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ Black Image ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ရတနာပုံသာ (ဦးပေစိ) ဘုရား အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်း နဲ့ ၄၃ လမ်း၊ မနော်ရမ္မံ ကစားကွင်းအနီးမှာ စက်တင်ဘာလ ၆ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။
အဲ့ဒီဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၁ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက “ကင်းလှည့်နေတဲ့ ရဲတွေရောက်နေတဲ့ချိန် ဆိုင်ကယ်နဲ့ လာပစ်သွားတာလို့တော့ သိရတယ်။ ကျနော်က အသံပဲကြားလိုက်ရတာ။ နောက်မှ ရဲတစ်ဦး ခြေထောက်တွေ ပြတ်လုနီးပါး ဖြစ်သွားတယ်လို့ သိရတာ။ မြင်တဲ့သူတွေက စိုးရိမ်ရတဲ့အခြေအနေလို့ ပြောတယ်။ ဗုံးပစ်တဲ့သူကိုတော့ မမိဘူး။” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ၆၂ လမ်းပေါ်ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို စစ်ဆေးတာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။