စပိန်နိုင်ငံ လာပါလ်မာကျွန်းမှာရှိတဲ့ ကွန်ဘရေဗီခါမီးတောင် ပေါက်ကွဲမှုဟာ ပိုပြီးပြင်းထန်တဲ့ အဆင့်ရောက် လာပါတယ်။
မီးတောင် ပေါက်ကွဲမှုဟာ နောက်ထပ် အဆင့်တဆင့်ကို ရောက်ရှိသွားပြီး မီးသတ်သမားတွေ အတွက် ဆက်လုပ်နိုင်စရာ ဘာမှ မရှိတော့ဘူးလို့ မီးသတ်ဌာနက တွစ်တာမှာ ရေးသား ထားပါတယ်။
အနီးအနားက မြို့ငယ်တွေက ပြည်သူတွေကို နေရာပြောင်းရွှေ့ကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။
မီးတောင်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တည်းက စတင် ပေါက်ကွဲနေတာဖြစ်ပြီး တန်ချိန် ထောင်ချီတဲ့ ချော်ရည်ပူတွေကြောင့် အနီးအနားက အိမ်ရာနဲ့ချီ ပျက်ဆီးသွားပြီး လူထောင်ချီ အိုးအိမ် စွန့်ခွာခဲ့ရပြီး ဖြစ်ပါတယ်။
မီးတောင် ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုတော့ မရှိသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ မီးတောင် ပေါက်ကွဲမှုကြောင့် ကျွန်းရဲ့ အဓိက စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်တဲ့ ငှက်ပျောသီး ထုတ်လုပ်ရေး လုပ်ငန်းကို ထိခိုက်နိုင်ပြီး လူထောင်ချီ အလုပ်အကိုင် ထိခိုက်နိုင်မယ့် အခြေအနေ ရှိနေပါတယ်။