အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ဟာ မြန်မာပဋိပက္ခကိုကိုင်တွယ်ရာမှာ ခေါင်းဆောင်မှု ပျက်ကွက်ခဲ့တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့က နိုဝင်ဘာလ ၁၁ ရက်မှာ အာဆီယံကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
အာဆီယံခေါင်းဆောင်တွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေဟာ နိုဝင်ဘာ ၁၁ ရက်က ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့မှာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံက မအောင်မြင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ ဒေသတွင်းတင်းမာမှုတွေ အပေါ် တုံ့ပြန်မှုတွေကိုဖြေရှင်းဖို့တွေအကြောင်း ဆွေးနွေးခဲ့ကြတာပါ။
Fortify Rights က သူ့ဆီမှာ ပေါက်ကြားလာတဲ့ အာဆီယံအဖွဲ့တွင်း သီးသန့်စာတမ်းကို ရရှိထားပြီး အဲဒီစာတမ်းထဲမှာ အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေကလွဲလို့ တခြား အာဆီယံအစည်းအဝေးတွေ အားလုံးမှာ မြန်မာစစ်အာဏာရှင်အုပ်စုကို အပြည့်အ၀ ပါဝင်ခွင့်ပြုဖို့ အဆိုပြုထားတယ်ဆိုပါတယ်။
အာဆီယံအနေနဲ့ အစုအဖွဲ့တလျှောက်လုံးမှာ မြန်မာရဲ့ပါဝင်မှုကို ဆိုင်းငံ့ထားသင့်ပြီး ငြိမ်းချမ်းရေး အတွက် တိုးတက်မှုကို စစ်အာဏာရှင်အုပ်စုက ဆက်ပြီး တားဆီး ဟန့်တားနိုင်မှာမဟုတ်ကြောင်း Fortify Rights မှ အရာရှိ ပတ်ထရစ် ပွန်းဆာသွန်းက ပြောပါတယ်။
“အာဆီယံက ဒီလူသတ် စစ်အစိုးရကို ဒီအစုအဖွဲ့ရဲ့ အစိတ်အပိုင်းအဖြစ် ဘယ်လို ဆက်ခွင့်ပြုနိုင်မှာလဲ။”
အာဆီယံခေါင်းဆောင်တွေအနေနဲ့ အာဏာသိမ်းစစ်တပ်က မြန်မာနိုင်ငံ အကျပ်အတည်းရဲ့ အဖြေမဟုတ်ဘဲ အဓိကတရားခံဖြစ်တာကို လက်တွေ့ကျကျ နားလည်လက်ခံဖို့ လိုအပ်တယ်လို့လည်း ပတ်ထရစ်က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေဟာ ပွင့်ပွင့်လင်းလင်းနဲ့ အကြိတ်အနယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်အရ အာဆီယံဟာ အချက် ၅ ချက် သဘောတူညီမှုကို ဆက်ထောက်ခံသွားမှာဖြစ်ပေမယ့် ခိုင်မာတိကျပြီး လက်တွေ့ဆန်တဲ့ လုပ်ဆောင်ချက် လိုအပ်နေကြောင်း ကောက်ချက်ချသွားပါတယ်။
အာဆီယံဟာ ကနဦး အကြံပြုချက်မူကြမ်းမှာ စစ်ကောင်စီက အကြမ်းဖက်သမားတွေလို့ ယူဆထားသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မပါဝင်ပေမယ့်လည်း အာဆီယံအစည်းအဝေး အဆင့်ဆင့်မှာ မြန်မာနိုင်ငံကိုယ်စားပြုမှုကို သုံးသပ်သွားမယ်လို့ ဆိုပါတယ်။
Photo- Cambodia Prime Minister
မြန်မာစစ်တပ်က အရပ်သားတွေအပေါ် အင်အားသုံးပစ်ခတ်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ပြစ်တင်ရှုတ်ချ စိုးရိမ်ကြောင်း ဂျပန်နိုင်ငံကာကွယ်ရေး၀န်ကြီး မစ္စတာ နိုဘုအိုကီရှီက ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောလိုက်ပြီး အခြေအနေကို ဆက်လက်စောင့်ကြည့်နေ တယ်လို့ ပြော လိုက်ပါတယ်။
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ယာမဇာကီကလည်း ပြည်သူလူထုအပေါ် အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကို ရှုတ်ချကြောင်း၊ ဩစတြေးလျ၊ ကနေဒါ ၊ ဂျာမဏီ ၊ ဂရိ၊ အီတလီ၊ ဂျပန်၊ ဒိန်းမတ်၊ နယ်သာလန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ယူကေနိုင်ငံတို့မှ စစ်ဦးစီးချုပ်များရဲ့ စုပေါင်းကြေညာချက် သဘောထားအတိုင်း ထပ်တူဖြစ်ကြောင်း မတ်လ ၂၈ ရက် မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံ့တပ်မတော်ဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အသက်ဘေးကို ပြည်ပ ခြိမ်းခြောက်မှု အန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ပေးရန်အတွက် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်းလည်း ပြောပါတယ်။
နိုင်ငံတကာအသိုက်အဝန်းက အဖန်တလဲလဲ တိုက်တွန်းပြောဆိုနေကြသည့်တိုင်အောင် အရပ်သားပြည်သူတွေအပေါ် မြန်မာတပ်မတော်နဲ့ ရဲတပ်ဖွဲ့ရဲ့ အင်အားသုံး အကြမ်းဖက်မှုတွေကြောင့် မတ်လ ၂၇ ရက် တစ်နေ့တည်းသေဆုံးသူအရေအတွက် ၁၀၀ ကျော်အထိရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ သေဆုံး၊ ဒဏ်ရာရသူ အများအပြား ဆက်လက်ထွက်ပေါ်နေတဲ့ အခြေအနေအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်လှုပ်ရှားမှုတွေအပေါ် ကျည်ဆန်အစစ်များ အသုံးပြုဖြိုခွင်းနေတာကို မည်သို့မျှ ခွင့်လွှတ်နိုင်စရာမရှိဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၈ ရက်နေ့မှာ သဘောထား ထုတ်ပြန်ပါတယ်။
ဒါ့အပြင် သေဆုံးခဲ့သူတွေရဲ့ ကျန်ရစ်သူမိသားစုတွေနဲ့ ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားလိုပြီး ဒဏ်ရာရရှိခဲ့သူတွေ အမြန်ဆုံးသက်သာ ပျောက်ကင်းပါစေကြောင်း လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာ ပို့သတယ်လို့လည်း အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။