close

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်

close

May 4, 2023

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ၃ ဦးလွတ်မြောက်၊ အမှုတွဲ မယဉ်မြတ်နိုးဦး ပြန်မလွတ်

အလုပ်နဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ဝင်နဲ့  ဘဏ္ဍာရေးမှူး မယဉ်မြတ်နိုးဦးက  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရတဲ့အထဲ ပါမလာသေးဘူးလို့ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီး) ကနေ သိရပါတယ်။

၂၀၂၁ ခုနှစ်ထဲမှာ အတူဖမ်းဆီးခံရတဲ့ သမဂ္ဂအဖွဲ့ဝင် ၃ ဦးကတော့ မေ ၃ ရက်နေ့က သာယာဝတီအကျဉ်းထောင်၊ သရက်အကျဉ်းထောင်နဲ့ အင်းစိန်အကျဉ်းထောင်တို့ကနေ အသီးသီးလွတ်မြောက်လာခဲ့ပေမဲ့ မယဉ်မြတ်နိုးဦး တစ်ယောက်ပဲ ကျန်ခဲ့တယ်လို့ သမဂ္ဂ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

"ယဉ်မြတ်နိုးဦးနဲ့ အတူအဖမ်းခံရတဲ့ အမှုတွဲ ကျောင်းသားတွေက ဒီနေ့ ပြန်လွတ်လာပါတယ်။ သူတစ်ယောက်ပဲ ကျန်ခဲ့တာပါ။ ကျနော်တို့က စိုးရိမ်တယ်ဆိုတာ မိန်းကလေးလည်းဖြစ်တယ် ထောင်လည်း ပြောင်းရွေ့ခံထားတယ်။ သာယာဝတီကိုထောင်ပြောင်းခံထားရကတည်းက တွေ့ဆုံခွင့်လည်း မရဘူးတရားဝင်စာပဲ အဆက်အသွယ်ရှိခဲ့တာပါ။ စာဆိုတာကလည်း သိတဲ့အတိုင်း အရမ်းကို ပုံစံခွက်ဆန်နေတာပါ။”

၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၇ရက်နေ့မှာ တာမွေတရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၃နှစ်၊ မတ်လ ၃၁ ရက်မှာ မင်္ဂလာတောင်ညွန့်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၃နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရတာပါ။

"ထောင်ဒဏ် ၆ နှစ် မတရားစွဲဆိုခံထားရတယ်ဆိုတဲ့ အခြေအနေက ကျနော်တို့အနေနဲ့ ဘယ်လိုမှ လက်ခံလို့မရဘူးပေါ့။ နောက် သူနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုလည်း ဘာမှ တိတိကျကျ မသိရတဲ့အတွက် စိုးရိမ်နေပါတယ်" လို့ ပြောပါတယ်။

မယဉ်မြတ်နိုးဦးကို ၂၀၂၁ ခုနှစ် ဧပြီ ၁၃ ရက်က တာမွေမြို့နယ်က သပိတ်မှောက်ဆန္ဒပြပွဲကိုအသွားမှာ သမဂ္ဂဥက္ကဋ္ဌ ကိုခန့်သူအောင်၊ အတွင်းရေးမှူးဟောင်း ကိုမင်းဟိန်းခန့်၊ အလုပ်အမှုဆောင် ကိုဖြိုးကျော့နိုင်တို့နဲ့အတူ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ပုံ - ရန်/စီး သမဂ္ဂ

20 mins Ago

May 3, 2023

လားရှိုးအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၁၃ ဦးလွတ်မြောက်၊ ပုသိမ်ထောင်မှ ၁၈ ဦးလွတ်

ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝန်း နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်ကလွတ်ငြိမ်းခွင့်ပေးရာ လားရှိုးအကျဥ်းထောင်က ၁၃ ဦး လွတ်မြောက်လာပါတယ်။

ဒီနေ့ လားရှိုးအကျဥ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့အထဲမှာ ကျောက်မဲက အမျိုးသမီး ၁ ဦး အပါအဝင် လားရှိုးမှ အမျိုးသား ၂ ဦး၊ ကွတ်ခိုင်က အမျိုးသား ၁ ဦး၊ မူဆယ်က ၈ ဦး၊ ဟိုပန် ၁ ဦး ဖြစ်တယ်လို့ ကနဦး သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် နှစ်ဆန်း ၁ ရက်နေ့တုန်းကတော့ လားရှိုးအကျဥ်းထောင်က လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ လွတ်မြောက်လာသူ တဦးတယောက်မှ မရှိခဲ့ပါဘူး။

ဧရာဝတီတိုင်း ပုသိမ်အကျဥ်းထောင်ကနေလည်း ပုဒ်မ  ၅၀၅-က အမိန့်ချမှတ်ခံထားရသူ ၁၈ ဦး  ဒီနေ့ ပြန်လည် လွတ်မြောက်လာပါတယ်။

ပုသိမ်မြို့ဒေသခံတစ်ဦးက  "ဒီနေ့ ပုသိမ်ထောင်က ၅၀၅-က နဲ့အမိန့်ချထားသူတွေက ၁၈ ယောက် လွတ်တယ်၊ ပုသိမ်၊ ကျုံပျော်၊ ကျောင်းကုန်းမြို့နယ်က သူတွေ လွှတ်တာ၊ အခု လွှတ်ငြိမ်းပေးသူတွေက လွှတ်ခါနီးသူတွေ"လို့  ပြောပါတယ်။

ပုသိမ်အကျဥ်းထောင်မှာ ပုဒ်၅၀၅-က နဲ့  ထောင်ဒဏ် ၃ နှစ်အမိန့်ချမှတ်ခံထားပြီး ပြန်လွတ်လာသူတွေထဲမှာ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၂ ဦးပါဝင်ကာ ၊ ပုသိမ်က ၃ ဦး ၊ကျုံပျော်က ၆ ဦး၊ ကျောင်းကုန်းမှ ၉ ဦးတို့ဖြစ်ကြပြီး  အမျိုးသမီး၂ဦးကတော့ ပုသိမ်နဲ့ ကျုံပျော်က ဖြစ်ပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ အကျဥ်းကျခံနေတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဥ်းသား ၂,၁၅၃ ဦးကို စစ်ကောင်စီက  ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးကြောင်း ဒီကနေ့မနက် ကြေညာခဲ့တာဖြစ်ပါတယ်။

1 day Ago

ကလေးပင်မသပိတ်အဖွဲ့ဝင်များ၏ မိသားစုဝင်အချို့ ပြန်လွတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်အင်အားစုက သပိတ်အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက ပြန်လည်လွှတ်ပေးလိုက်ပေမဲ့ မိသားစုဝင်တဦး ကျန်ရှိနေသေးတယ်လို့ ကျန်ရှိခဲ့တဲ့ သပိတ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ သပိတ်အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တချို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းက တသုတ်ချင်းစီ အာမခံနဲ့ ပြန်လည်လွှတ်ပေးလိုက်တာဖြစ်ပြီး ပင်မသပိတ်အဖွဲ့ဝင် မကျင်ဒိတ်ကင်ရဲ့ မိခင်ကိုတော့ ပြန်လည်လွှတ်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ သပိတ်အဖွဲ့ဝင်နဲ့ နီးစပ်သူတဦးက “မကျင်ရဲ့အမေကတော့ ပြန်မလွတ်သေးဘူး။ ကျန်တဲ့မိသားစုဝင်တွေက လွတ်ပြီးကြပြီ။ သူတို့ကိုတော့ ဒကစထဲမှာပဲ စစ်ဆေးဖမ်းထားတာ။ ဖမ်းခံရတဲ့အဖွဲ့ဝင်တွေကတော့ ရဲစခန်းနဲ့ အချုပ်ထောင်ကို ရောက်သွားကြပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့က ကလေးပင်မသပိတ်အဖွဲ့ဝင် ကိုသန်းစိုးဦး၊ ကိုမျိုးကိုဝင်း၊ မနှင်းစံနဲ့ မကျင်ဒိတ်ကင်တို့ဟာ တော်လှန်သင်္ကြန်သပိတ်ပြုလုပ်စဉ် စစ်ကောင်စီပတ်ကင်းနဲ့ တွေ့ဆုံကာ ဖမ်းဆီးခံခဲ့ရပြီးနောက် ညနေပိုင်းမှာ နေအိမ်တွေကို ချိတ်ပိတ်ပြီး မိသားစုဝင် ၁၀ ယောက်ကျော်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားခဲ့တာပါ။

သပိတ်အဖွဲ့ဝင်တွေ ဖမ်းဆီးခံရပြီး ၃ ရက်အကြာ ဧပြီ ၁၉ ရက်နေ့မှာတော့ သပိတ်အဖွဲ့ဝင် ကိုဗိုက်ပူ၊ မပွားလေး၊ မနှင်းစံနဲ့ မကျင်ဒိတ်ကင်တို့ရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက အင်အားအများအပြားနဲ့ JCB မြေတူးစက်တွေနဲ့ ဖြိုဖျက်ခဲ့ပါတယ်။

1 day Ago

ထားဝယ်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၄ ဦး၊ မြိတ်ထောင်မှ ၁၄ ဦး ပြန်လွတ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ထားဝယ်အကျဥ်းထောင်ကနေ မေလ ၃ ရက် ဒီမနက် ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ ၃၄ ဦး လွတ်မြောက်လာတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေက ပြောပါတယ်။

ပြန်လွတ်လာတဲ့သူတွေထဲမှာ အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၂၂ ဦးပါဝင်ပြီး အားလုံးဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူတွေပါ။

ထားဝယ်နိုင်ငံရေးအကျဥ်းသားဟောင်းတဦးက “အစက ၃၆ ယောက်လွတ်မယ်လို့ သိထားတာ။ ဒါပေမဲ့ အမျိုးသားနှစ်ယောက်ကတော့ တခြားပုဒ်မတွေ ထပ်တပ်ခံရထားလို့ မလွတ်ဘဲကျန်ခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြန်လွတ်လာတဲ့သူတွေထဲက အမျိုးသားတဦးကတော့ ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခံထားရတာဖြစ်ပြီး ကျန်တဲ့သူတွေကတော့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံထားရသူတွေပါ။

ဒီကနေ့ ထားဝယ်ထောင်ကနေ ပြန်လွတ်လာသူအများစုဟာ အသက် ၅၀ ဝန်းကျင် အရွယ်တွေဖြစ်ကြပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်းက ဖမ်းဆီခံရတဲ့ လောင်းလုံးဒေသခံအများစု ပါဝင်ပါတယ်။

ထားဝယ်နိုင်ငံရေးအကျဥ်းသူဟောင်းတဦးက “လွတ်လာတဲ့အထဲ လူငယ်တွေမတွေ့ရဘူး၊ လွှတ်တာကလည်း ၅၀၅-က သီးသန့်လွှတ်တာ၊ လွတ်ရက်စေ့ခါနီးလူတွေတောင် တခြားပုဒ်မတွေနဲ့ဖြစ်နေလို့ လွှတ်တဲ့အထဲမပါဘူး” လို့ ပြောပါတယ်။

အလားတူ တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်ကနေ မေလ ၃ ရက် မနက်ပိုင်းက နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၄ ဦး ပြန်လည်လွတ်မြောက်လာပေမဲ့ စစ်ကောင်စီရဲ့ ကြေညာချက်ထဲမှာပါတဲ့ ၅၀၅-က ပုဒ်မနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေထံက သိရပါတယ်။

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တဦးက “စာရင်းမှာပါတဲ့ ၂၄ ယောက်ထဲမှာ လွှတ်ပေးလိုက်တာက ၁၄ ယောက်ပါ။ နောက်မှုကပ်ပြီး ဆွဲထားခဲ့တာတော့ မဟုတ်ဘူး။ ကျန်ခဲ့တဲ့သူတွေကလည်း ၅၀၅-က ပုဒ်မတခုပဲရှိတာပါ” လို့ ပြောပါတယ်။

အဆိုပါလွတ်မြောက်လာတဲ့သူတွေထဲမှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၁၄ ဦး ပါဝင်တယ်လို့လည်း သိရပါတယ်။

ထားဝယ်အကျဉ်းထောင်မှာ လွတ်မြောက်ရမယ့် စာရင်းအရ ၃၆ ဦး ရှိပေမဲ့ ၃၄ ဦးကိုသာ လွှတ်ပေးပြီး ကျန် ၂ ဦးမှာ စစ်ဆေးစရာရှိလို့ဆိုကာ မလွှတ်ပေးဘဲ ပြန်ခေါ်ထားခဲ့ကြောင်း အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

စစ်ကောင်စီကတော့ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေနဲ့ အကျဥ်းထောင်အသီးသီးမှာ ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၂,၁၅၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တကြိမ် ပြစ်ဒဏ်ကျူးလွန်ပါက ဒီပြစ်ဒဏ်အပြင် အခုကျခံရန် ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်ကလည်း မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ ထားဝယ်အကျဥ်းထောင်က အကျဥ်းသား အကျဥ်းသူ ၁၄ ဦးကို လွှတ်ပေးခဲ့ပြီး အဲဒီထဲမှာတော့ နိုင်ငံရေးအကျဉ်းသား တယောက်မှ မပါဝင်ပါဘူး။

1 day Ago

အင်းစိန်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၃၁၆ ဦး ပြန်လွတ်လာ

ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့အထိမ်းအမှတ် စစ်ကောင်စီက နိုင်ငံတဝန်း နိုင်ငံရေးအကျဥ်းသား ၂၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတဲ့အထဲမှာ မေ ၃ ရက် ဒီကနေ့မနက် အင်းစိန်အကျဥ်းထောင်ကနေ ၅၀၅ - က အမှုတမှုတည်းနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသမား ၃၁၆ ဦး ပြန်လွတ်မြောက်လာပါတယ်။ 

ဒီကနေ့မနက် ၁၁ နာရီ ၁၅ မိနစ်မှာ  ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ အမျိုးသမီးအကျဥ်းသားတယောက်မှ မပါဝင်ဘဲ လွတ်ရက်စေ့ခါနီး အမျိုးသားအကျဥ်းသားတွေကိုပဲ ပုဒ်မ ၄၀၁ ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

မနက်ဖန်မှာ လွတ်ရက်စေ့မှာဖြစ်ပြီး ဒီကနေ့မှာ ခံဝန်နဲ့ ပြန်လွှတ်ပေးတဲ့အပေါ်  နိုင်ငံရေးအကျဉ်းသားတဦးကတော့ “လုံးဝကိုမကျေနပ်ပါဘူး” လို့  ပြောပါတယ်။

ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့အထိမ်းအမှတ်အနေနဲ့ ပြည်သူတွေ စိတ်နှလုံးချမ်းသာအောင်၊ လူသားအချင်းချင်းစာနာမှုတွေနဲ့ အကျဥ်းထောင်အသီးသီး၊ အချုပ်ထောင်အသီးသီး၊ စခန်းအသီးသီးကနေ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၅၀၅(က) နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၂,၁၅၃ ယောက်ကို မတ်လ ၃ ရက် နေ့စွဲနဲ့ လွှတ်ပေးလိုက်တယ်လို့  စစ်ကောင်စီက ကြေညာထားပါတယ်။

လွတ်မြောက်ခဲ့သူတွေက ပုဒ်မ ၄၀၁၊ အပိုဒ် ၁ အရ နောက်ထပ် တစုံတရာ ပြစ်မှုကျူးလွန်ရင် ပထမလက်ကျန်နှစ်ကို ပြန်ခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။

1 day Ago

ပြည်၊ ပေါင်းတည်နှင့် သာယာဝတီထောင်များမှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်

ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီက  နိုင်ငံရေးအကျဥ်းသား ၂၀၀၀ ကျော်ပြန်လွှတ်ပေးတဲ့အထဲမှာ ပြည်ထောင်ကနေ နိုင်ငံရေးအကျဥ်းသား စုစုပေါင်း ၄၈ ယောက်၊ ပေါင်းတည်ထောင်က ၃ ယောက် လွတ်မြောက်ခဲ့တယ်လို့ ဒေသခံ နိုင်ငံရေးအကျဉ်းသား အသိုက်အဝန်းကနေ သိရပါတယ်။

ထောင်ရှေ့မှာ သွားကြိုနေတဲ့ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တယောက်က “ပြည်ထောင်မှာက ပထမ စာရင်းရတာက ၄၉ ယောက်၊ အဲ့ဒီမှာ တယောက်က တခြားပုဒ်မ တခုက ကျန်နေတော့ ၄၈ ယောက်ဖြစ်သွားတာ။ အမျိုးသား ၃၆ ယောက်၊ အမျိုးသမီး ၁၂ ယောက်ပဲ လွတ်တာ။ အားလုံးက ၅၀၅ တွေပဲ။ အခုမနက် ၁၀ နာရီ မိနစ် ၅၀ မှာ ပထမအသုတ်အနေနဲ့ စလွှတ်နေပြီ” လို့ ပြောပါတယ်။

ပေါင်းတည်ထောင်ကတော့ မနက် ၁၀ နာရီမှာ စလွှတ်ပြီး ၅၀၅ ပုဒ်မ တပ်ထားတဲ့ ကိုမြခိုင်၊ ကိုအောင်ဆန်းလင်းနဲ့ မသီတာတို့ပဲ လွတ်လာကြပြီး သူတို့အားလုံးက နတ္တလင်းမြို့နယ်ထဲမှာ နေတဲ့သူတွေဖြစ်တယ်လို့ ပေါင်းတည်ထောင်ရှေ့ သွားစောင့်နေသူ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တယောက်က ပြောပါတယ်။

သာယာဝတီထောင်ကတော့ ကျား ၁၂၅၊ မ ၇၅ ယောက် ပြန်လွတ်တယ်လို့ စာရင်းသိရပြီး အခုထိတော့ အပြင်မရောက်သေးဘူးလို့ သာယာဝတီထောင် ဝန်ထမ်းတယောက်ထံက သိရပါတယ်။

စစ်ကောင်စီက ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့အထိမ်းအမှတ်အနေနဲ့ ပြည်သူတွေ စိတ်နှလုံးချမ်းသာအောင်၊ လူသားအချင်းချင်းစာနာမှုတွေနဲ့ အကျဥ်းထောင်အသီးသီး၊ အချုပ်ထောင်အသီးသီး၊ စခန်းအသီးသီးကနေ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၅၀၅(က) နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၂,၁၅၃ ယောက်ကို မတ်လ ၃ ရက် နေ့စွဲနဲ့ လွှတ်ပေးလိုက်တယ်လို့ ကြေညာထားပါတယ်။

လွတ်မြောက်ခဲ့သူတွေက ပုဒ်မ ၄၀၁၊ အပိုဒ် ၁ အရ နောက်ထပ် တစုံတရာ ပြစ်မှုကျူးလွန်ရင် ပထမလက်ကျန်နှစ်ကို ပြန်ခံရမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

1 day Ago

နိုင်ငံရေးအကျဉ်းသား ၂၁၅၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ -က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးတို့   ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ကြောင်း စစ်ကောင်စီက မေလ ၃ ရက်နေ့မှာ ကြေညာပါတယ်။

ဒီကနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့အထိမ်းအမှတ်နဲ့ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်းစာနထောက်ထားမှုကို အလေးထားသောအားဖြင့် စစ်ခေါင်းဆောင်က  အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ -က အရ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ဆိုပါတယ်။

အဆိုပါအကျဉ်းသားတွေဟာ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အမိန့်နဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ဘယ်သူတွေပြန်လွတ်လာမယ်ဆိုတာ လတ်တလော မသိရသေးပေမဲ့ ပြည်အကျဉ်းထောင်ကနေ အကျဉ်းသား  ၄၀ ကျော်၊ ပေါင်းတည်ထောင်က ၃ ယောက်နဲ့ တောင်ငူ ထောင်တွေက ၅၀ ကျော်လွှတ်တ်မယ်လို့ ကနဦးသတင်းရထားတယ်လို့  အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံထားရသူတွေ သီးသန့်နဲ့ လွတ်ရက်နီးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုသာ ပြန်လွှတ်ပေးတာဖြစ်ပြီး  ပုဒ်မ ၅၀၅ အပြင် ၃၀၇- ၄၂၇  စတဲ့တခြားပုဒ်တွေနဲ့ တွဲထားသူတွေကိုတော့ လွှတ်မပေးဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးကပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၁၈၀၇ ဦးရှိပြီး ဒီအထဲက ၁၇၈၉၇ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေထဲက  ၅၈၃၉ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ကထုတ်ပြန်ထားပါတယ်။

1 day Ago
Up