ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ကောင်မှာ အသက် ၁၈ နှစ်အောက် မိန်းကလေးတွေကို လူကုန်ကူးပြီး ပြည့်တန်ဆာပြုနေတဲ့ အနှိပ်ခန်းနဲ့ အရက်ဆိုင် ( ဘား ) တွေကို တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်ညပိုင်းက သွားရောက်ဖမ်းဆီးခဲ့ပါတယ်။
ဒီမတိုင်ခင်က ဘန်ကောက် ဝပ်ထနားနယ်မြေ ခလောင်းတွေရပ်ကွက် ဆူခိုဝိတ်လမ်းရှိ စားသောက်ဆိုနဲ့ အရက်ဆိုင်တချို့မှာ အသက်မပြည့်တဲ့ မိန်းကလေးတွေကို လူကုန်ကူးပြီး ပြည့်တန်ဆာအသွင် စေခိုင်းနေကြောင်း OUR ( Operation Underground Railroad - Thailand ) အဖွဲ့အစည်းက ပြည်ထဲရေးဌာနလက်အောက်ခံ ပြည်သူ့တရားမျှတရေးဌာနကို တိုင်ကြားလာတဲ့အတွက် အချိန်အတိုင်းအတာတစ်ခုယူပြီး ထောက်လှမ်းခဲ့တယ်လို့ ဆိုပါတယ်။
ထောက်လှမ်းရေးအဖွဲ့မှ ဧည့်သည်အသွင်ဆောင်ပြီး ဝင်ရောက်ရာမှာ တိုင်တန်းချက်မှန်ကန်ကြောင်း သိရတဲ့အတွက် နယ်မြေအုပ်ချုပ်ရေးရုံး ၊ နယ်မြေရဲတပ်ဖွဲ့ ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက် ည ၉ နာရီက ဆူခိုဝစ်လမ်းထဲက စားသောက်ဆိုင်တွေ၊ ဘားဆိုင်နဲ့ ကာရာအိုခေ အနှိပ်ခန်းတွေကို ဝင်စစ်ခဲ့ပါတယ်။
တချို့ဆိုင်တွေက တာဝန်ရှိသူတွေ လာစစ်တာသိရတဲ့အတွက် စောစောစီးစီး ဆိုင်ပိတ်သိမ်းသွားခဲ့ ကြောင်း ၊ ဆူခိုဝစ် လမ်းသွယ် ၇ မှာဖွင့်ထားတဲ့ ၇၈၉ စားသောက်ဆိုင်နဲ့ အရက်ဆိုင်တစ်ဆိုင်က နေတော့ ပြည်တန်ဆာအဖြစ်စေခိုင်းခံရတဲ့ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၃ ဦးကို ကယ်ထုတ်ခဲ့ကာ ၊ အဲဒီထဲက အငယ်ဆုံးမိန်းကလေးဟာ ၁၄ နှစ်သာရှိသေးတယ်လို့ ဆိုပါတယ်။
သူတို့တွေ လူကုန်ကူးခံရပြီး နိုင်ငံခြားသားနဲ့ ထိုင်းအမျိုးသားတွေကို ဝန်ဆောင်မှုပေးခဲ့ရတဲ့ အထောက်အထားတွေလည်း ရှိတာကြောင့် ဆိုင်ပိုင်ရှင် နန်းဆောင်ရတ်ချ်ဒါးဆိုသူကိုလည်း ဖမ်းဆီးလိုက်ပါတယ်။ မိန်းကလေးတွေဟာ ဘယ်နိုင်ငံသားလဲဆိုတာတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိပါဘူး။
OUR အဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူး နိုင်းဆုပ်ရိယ ဆောင်ဝိကျစ်ကတော့ လူကုန်ကူးသူတွေဟာ လူမှုရေး၊ စီးပွါးရေးကျပ်တည်းတဲ့ မိသားစုဝင်ထဲက မိန်းကလေးတွေ၊ အုပ်ထိန်းသူမရှိတဲ့ မိန်းကလေးတွေ၊ ကောင်းစွာလမ်းညွှန်သွန်သင်ခြင်းမခံရတဲ့ ကလေးတွေ၊ အယုံလွယ်တဲ့ မိန်းက လေးတွေကို သားကောင်အဖြစ်ရွေးချယ် အသုံးချလေ့ရှိကြောင်း၊ မိမိပတ်ဝန်းကျင်မှာ အခုလို လိင်ကျွန်ပြုခံနေရတဲ့သူတွေရှိရင် သက်ဆိုင်ရာကို တိုင်ကြားဖို့နဲ့ ကျူးလွန်သူတွေဟာလည်း ထောင်ဒဏ် အနှစ် ၃၀ - ၄၀ မှ တသက်ထိ အပြစ်ပေးခံရနိုင်လို့ ဒီနည်းနဲ့ အသက်မွေးဝမ်း ကျောင်းမပြုကြဖို့ သတိပေးလိုက်ပါတယ်။
လူကုန်ကူးမှုနဲ့ ပြည့်တန်ဆာအဖြစ်ခိုင်းစေခံရမှုတွေရှိပါက ခရိုင်ရုံးအသီးသီးမှာ ဖွင့်လှစ်ထားတဲ့ ပြည်သူ့တရားမျှတရေးဌာန (ပြည်သူ့ဟစ်တိုင်) မှာ တိုင်ကြားနိုင်ကြောင်း ထိုင်းနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ ညွှန်မှူး ရဲမှူးကြီးရွယ်းအင်ဖိုင်းရို့တ်ကလည်း ယမန်နေ့သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။