close

ပြည့်လျှံအောင်

close

June 20, 2021

စစ်ကောင်စီကို ဆန့်ကျင်ခဲ့တာ မှန်ကန်သည့်လုပ်ရပ်ဖြစ်ဟု ဂိုးသမားပြည့်လျှံအောင်ပြော

စစ်ကောင်စီအကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်ကြောင်းပြသခဲ့လို့ အခက်အခဲရှိနေပေမယ့် မှန်ကန်တဲ့ လုပ်ရပ်ဖြစ်လို့ နောင်တမရဘူးလို့ ဂျပန်နိုင်ငံမှာခိုလှုံနေတဲ့ မြန်မာ့လက်ရွေးစင်ဂိုးသမား ပြည့်လျှံအောင်က ပြောလိုက်ပါတယ်။

မြန်မာ့လက်ရွေးစင်ဂိုးသမား ပြည့်လျှံအောင်ဟာ မေလ ၂၈ ရက်နေ့က ဂျပန်အသင်းနဲ့ယှဉ်ပြိုင်တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမစခင် နိုင်ငံတော်သီချင်းသီဆိုချိန်  လက်သုံးချောင်းထောင်ပြီး စစ်ကောင်စီကို ဆန့်ကျင်ကြောင်းပြသခဲ့တာပါ။

ဇွန်လ ၁၇ ရက်နေ့က မြန်မာဘောလုံးအသင်း မြန်မာပြည်ပြန်ဖို့လေဆိပ်ရောက်ချိန်မှာ ဂျပန်လူဝင်မှုကြီးကြပ်ရေးက ပြည့်လျှံအောင်ကို ခေါ်ယူပြီး ဂျပန်နိုင်ငံမှာ ခိုလှုံခွင့်ပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ပြည့်လျှံအောင်အတွက် သတင်းစာရှင်းလင်းပွဲတစ်ခုကို ဂျပန်မီဒီယာတွေက ပြုလုပ်ခဲ့ပါတယ်။ ပြည့်လျှံအောင်ကတော့ သူရရှိတဲ့အခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်ခဲ့ပြီး နောင်တမရဘူးလို့ ဆိုပါတယ်။

“နောင်တရတယ်လို့တော့မရှိပါဘူး။ မှားသွားတယ်လို့လည်းမထင်ပါဘူး။ မှန်တယ်လို့ပဲထင်တယ်။ ကျနော်လုပ်လိုက်တဲ့ဟာက အရာထင်သွားတယ်။ ကိုယ်ရလိုက်တဲ့အခွင့်အရေးကို ကောင်းကောင်းအသုံးချလိုက်နိုင်တာပေါ့”လို့  ဂိုးသမား ပြည့်လျှံအောင်က ပြောပါတယ်။

ဂျပန်အစိုးရက ပြည့်လျှံအောင်ကို ဒုက္ခသည်ဗီဇာထုတ်ပေးသွားဖို့ရှိနေပြီး လတ်တလောစားဝတ်နေရေးအတွက် အိုဆာကာက မြန်မာတွေကူညီနေတယ်လို့သိရပါတယ်။

မြန်မာ့လက်ရွေးစင်ကစားသမားတွေဟာ  ပြိုင်ပွဲအချိန် ၁၄ ရက်ကျော်အတွင်း အားလပ်ချိန်တွေမှာ အပြင်ထွက်ခွင့်မရခဲ့ဘဲ စည်းကမ်းတင်းကျပ်တာခံခဲ့ ရပါတယ်။ ပြည့်လျှံအောင်က စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားဖို့အတွက် ဂျပန်ရောက်မှ ဆုံးဖြတ်ချက်ချခဲ့ တာလို့ ဆိုပါတယ်။

ပြည့်လျှံအောင်က “ ဒီကိုရောက်မှ ဆုံးဖြတ်လိုက်တာပါ။ ဒီလိုလုပ်မယ်။ လုပ်ပြီးသွားရင်ပြန်မယ်။ ပြန်ရောက်ရင်အဖမ်းခံရရင်ခံ ရမယ်။ အဖမ်းမခံရဘူးဆိုလည်း တနေရာမှာရှောင်နေဖို့ စိတ်ကူးထားတယ်။ ဒါပေမဲ့ အခုကသတင်းက တော်တော်ကြီးပြန့်သွားတဲ့အတွက် ပြန်ဖို့က မဖြစ်နိုင်တော့ဘူးပေါ့။ မဖြစ်နိုင်ဘူးဆိုတာကလည်း စစ်ကောင်စီက သူတို့လုပ်ချင်ရာလုပ်နေတာလေ။ အဲ့ဒါကြောင့်မပြန်ဖို့ဆုံးဖြတ်လိုက်တာပါ။” လို့ပြောပါတယ်။

ပြည့်လျှံအောင်ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ရတနာပုံအသင်းတို့မှာ ကစားနေတဲ့ အသက် ၂၆ နှစ်အရွယ် ဂိုးသမားဖြစ်ပါတယ်။

မန္တလေးမြို့ဇာတိဖြစ်ပြီး မိသားစုနဲ့အဆက်အသွယ်ရတယ်လို့လည်းဆိုပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ ပြိုင်ပွဲမှာ ပွဲစဉ်သုံးပွဲကစားခဲ့ပြီး သုံးပွဲစလုံးဂိုးပြတ်နဲ့ စံချိန်တင်ရှုံးနိမ့်ခဲ့ပါတယ်။

လက်ရွေးစင်အသင်း ဝတ်စုံတာဝန်ခံဦးပြည့်စုံနိုင်ဟာလည်း ပြိုင်ပွဲကာလအတွင်းမှာ ဂျပန်မှာဘဲ နှလုံးရောဂါနဲ့ကွယ်လွန်ခဲ့တဲ့အတွက် ဒီပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ကြီးမားတဲ့ဆုံးရှုံးမှုနဲ့ ကြုံခဲ့ရပါတယ်။ 

2 weeks Ago

June 17, 2021

အရံဂိုးသမား ပြည့်လျှံအောင် ဂျပန်နိုင်ငံတွင် ခိုလှုံရန် ဆန္ဒရှိနေ

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာအမျိုးသား လက်ရွေးစင်ဘောလုံးအသင်းက အရံဂိုးသမား ပြည့်လျှံအောင်ဟာ မြန်မာနိုင်ငံကိုပြန်ဖို့ ငြင်းဆန်ခဲ့ပြီး ဂျပန်နိုင်ငံမှာ ခိုလှုံလိုတဲ့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ဂျပန်မီဒီယာမှာ ဖော်ပြပါတယ်။ 

သူဟာ ဇွန်လ ၁၆ ရက်က  အသင်းဖော်တွေနဲ့အတူ Kansai အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဂျပန်နိုင်ငံကနေ ပြန်ထွက်ခွာမယ်လို့ မျှော်လင့်ရပေမယ့် အသင်းကနေ ထွက်ခွာပြီး ဥပဒေပိုင်း အကြံပေးသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေမှာ ပါရှိပါတယ်။ 

ပြည့်လျှံအောင်ဟာ သူ့သဘောဆန္ဒအရ နိုင်ငံကိုပြန်ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပြီး ဒုက္ခသည်အဖြစ် လျှောက်ထားမယ်လို့ ဇွန်လ ၁၇ ရက် အစောပိုင်းမှာ အိုဆာကာစီရင်စုရှိ ကန်ဆိုင်းနိုင်ငံတကာ လေဆိပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းမှုမှာ ဖြုတ်ချခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ အာဏာပြန်ရလာရင် မြန်မာနိုင်ငံကို ပြန်ဖို့ ဆန္ဒရှိတယ်လို့လည်း ဆိုပါတယ်။ 

မေလ ၂၈ ရက်၊ တိုကျိုမြို့အနီး Chiba မြို့မှာ ဂျပန်အသင်းနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲစဉ်အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံတော်သီချင်းသီဆိုချိန်မှာ သူဟာ လက် ၃ ချောင်းထောင်  ဆန္ဒထုတ်ဖော်ခဲ့ပြီး သူ့လက်ချောင်းတွေမှာ ကျွန်ုပ်တို့ တရားမျှတမှုကို လိုအပ်တယ်လို့ အင်္ဂလိပ်လို ရေးသားခဲ့ပါတယ်။ ဒီဗီဒီယိုဟာဆိုရှယ်မီဒီယာမှာပျံ့နှံ့သွားပါတယ်။ 

အစောပိုင်းကပြုလုပ်ခဲ့တဲ့ အွန်လိုင်းအင်တာဗျူးတွေမှာလည်း သူ မြန်မာနိုင်ငံကိုပြန်ရောက်ရင် ဖမ်းဆီးထိန်းသိမ်းခံရမှာ ကြောက်ပြီး စစ်အုပ်ချုပ်ရေးအောက်မှာရှိနေတဲ့ မြန်မာနိုင်ငံမှာ အသက်အာမခံချက် မရှိဘူးလို့လည်း ဖြေဆိုထားတာပါ။ 

ဂျပန်အစိုးရကတော့ အာဏာသိမ်းမှုကနေ ဖြစ်ပေါ်လာတဲ့ နိုင်ငံမငြိမ်သက်မှုတွေကြောင့် ဂျပန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ သူတို့ဆန္ဒရှိရင် ဂျပန်နိုင်ငံမှာ ဆက်လက်နေထိုင်ခွင့် ထပ်တိုးပေးမယ်လို့ မေလ ၂၈ ရက်က ကြေညာထားပါတယ်။ 

3 weeks Ago
Up