close

ပြည်ကြီးတံခွန်မြို့နယ်

close

May 3, 2023

ပြည်ကြီးတံခွန်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၊ ပေါက်မြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပြီး PDF ရဲဘော် ၁ ဦး ကျဆုံး

မန္တလေး၊ ပြည်ကြီး​တံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးရှိ စစ်ကောင်စီ တပ်သားတွေကို ပြောက်ကျားတပ်ဖွဲ့တွေက မတ် ၂ ရက် ည ၇ နာရီလောက်မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး ဗုံးပစ်တိုက်ခိုက်ခဲ့ပါတယ်။

၆၂ လမ်း၊ ၁၁၅ လမ်း အဆင့်မြင့်ရဲစခန်းနားက ပြည်ကြီးတံခွန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးက စစ်သားတွေကို သေနတ်အတိုနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် ဗုံးနှစ်လုံးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြနန္ဒာစစ်ဆင်ရေး မန္တလေးမှ တာဝန်ရှိသူက ပြောပါတယ်။

“သူတို့က ၁၀ ယောက်ကျော်တယ်၊ အပြင်ကနေ အတိုနဲ့အရင်ပစ်ပြီး ဗုံးထပ်ပစ်ခဲ့တာပါ၊ သူတို့ဘက်က ပြန်ပစ်လို့ ကျနော့်ရဲဘော်တယောက် ထိမှန်ခဲ့ပေမဲ့ အခြေအနေ မစိုးရိမ်ရဘူး။”

စစ်ကောင်စီသားတွေဘက်က ပြန်ပစ်ခတ်မှုရှိခဲ့ပြီး မြနန္ဒာစစ်ဆင်ရေး မန္တလေးမှ ရဲဘော်တွေရဲ့ ပစ်ခတ်မှုကြောင့် စစ်သား ၅ ဦး လဲကျသွားတာကို မျက်မြင်တွေ့ခဲ့ရပြီး သေဆုံးမှုရှိမရှိ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် လူနာတင်ကား ၃ စီးနဲ့ စစ်ကောင်စီတပ်က ဒဏ်ရာရစစ်သားတွေကို တင်ဆောင်သွားတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မေ ၂ ရက် မနက်က စစ်ကောင်စီကင်းပုန်း ဖမ်းဆီးတာကို ခံခဲ့ရတဲ့ PDF ရဲဘော် ၂ ယောက် သေနတ်လုပြီး ထွက်ပြေးရာမှ အပြန်လှန်ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးကာ PDF ရဲဘော်တယောက် ကျဆုံးခဲ့ရတယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။

မြိုင် ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက “ပေါက်နယ်ဘက်ကနေ ကျနော်တို့ ဒရုန်းသမားတွေကို လှမ်းခေါ်တော့ အဲဒီရဲဘော်လေး ၂ ယောက်က မနေ့က မေလ ၂ ရက်နေ့ မနက် ၆ နာရီကျော်ကတည်းက ထသွားပြီး ဆူးလေကုန်းရွာအဝင်ကျတော့ စစ်ကောင်စီတပ်သား ၂ ယောက်က စစ်နေတာ။ အဲဒီ စစ်ဆေးနေတဲ့နေရာနဲ့ ဝါးတပြန်အကွာလောက်က တိုက်အိမ် ၁ လုံးမှာလည်း စစ်ကောင်စီတပ်သားတွေ အများကြီး ထမင်းချက်စားနေကြတယ်။ အဲဒါကို ကျနော့်ကလေးတွေက ကိုယ့် PDF အဖွဲ့တွေလို့ပဲထင်လို့ ရပ်ပေးလိုက်တာ။ သေနတ်တွေမြင်တော့မှ MA1၊ MA4 တွေဆိုတော့ ကျနော်တို့သေနတ် မဟုတ်တော့ဘူး၊ (....)သေနတ်ဆိုတာကို သိလိုက်တယ်။ မင်းတို့ဘယ်အဖွဲ့ကတုန်းလို့ မေးပြီး ကလေးတွေရဲ့ နားထင်တွေကို ခြေထောက်တွေနဲ့ ဆောင့်ကန်ပြီး ဒူးထောက်ခိုင်းခဲ့တယ်။ အဲဒီမှာ ကျဆုံးသွားတဲ့ရဲဘော်က မထူးတော့ဘူးဆိုပြီး သေနတ်ကိုဝင်လုလိုက်တော့ သေနတ်ရသွားတဲ့အချိန်မှာ ဒူးထောက်နေတဲ့ ရဲဘော်တယောက်ကလည်း ဝင်လုံးပြီး သေနတ်ကိုလုယူကာ စစ်ကောင်စီတပ်သားတယောက်ကို ပစ်သတ်လိုက်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

သေနတ်သံကြားတော့ အိမ်ထဲမှာ ချက်ပြုတ်စားနေတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လိုက်လံပစ်ခတ်လို့ အသက် ၂၄ နှစ်အရွယ် ရဲဘော် သန်းဇော် (ခ) ပျံလွှား ကျဆုံးခဲ့ရပြီး နောက်ရဲဘော်တယောက်ကတော့ သေနတ်ကို ပစ်ချခဲ့ပြီး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျဆုံးခဲ့တဲ့ရဲဘော်က ပြီးခဲ့တဲ့နှစ်က ကျနော်နဲ့အတူ တွင်းမတိုက်ပွဲမှာ ပေါင်ကို သေနတ်ရှပ်မှန်ပြီး အရိုးကိုထိခိုက်ထားတဲ့ဒဏ်ကြောင့် ကောင်းကောင်းမပြေးနိုင်ဘူး။ ပုံစံကြည့်ရတာ သေနတ် ၂ လက်လုံးကို ကောက်ပြေးတဲ့အချိန်မှာ မိသွားတဲ့သဘောရှိတယ်” လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီရဲဘော် ၂ ယောက်ဆီမှာ ပါသွားတဲ့ ဒရုန်းအလွတ်တစင်းလည်း သိမ်းဆည်းခံခဲ့ရပြီး ကျဆုံးသွားတဲ့ ရဲဘော်လေးကိုတော့ မနေ့ မေ ၂ ရက် မွန်းလွဲ ၁ နာရီလောက်မှာ သင်္ဂြိုဟ်ပြီး အုတ်ဂူလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

16 mins Ago

April 19, 2023

ပြည်ကြီးတံခွန်မြို့နယ် စက်မှုရဲစခန်းအနီးရှိ ရွှေဆိုင် ဓားပြတိုက်ခံရ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဈေး၊ စက်မှုရဲစခန်းအနီး ၆၂ လမ်းမကြီးပေါ်က ထိပ်တန်းရွှေဆိုင် ဧပြီ ၁၉ ရက် နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းနဲ့ ငွေကျပ် သိန်း၂၀၀ ကျော် လုယက်ယူဆောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်၊ ဇ ရပ်ကွက်၊ ၁၃၃ လမ်းနဲ့ ၁၃၄ လမ်းကြား၊ ၆၂ လမ်းမကြီးပေါ်ရှိ ထိပ်တန်းရွှေဆိုင်ကို လက်နက်ကိုင် လူလေးယောက်က သေနတ်ပြ လုယက်ခဲ့ပြီး သိန်းထောင်ချီ ဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။

ထိပ်တန်းရွှေဆိုင်အနီးမှာ ဈေးရောင်းချသူတဦးက “သုံးနာရီမထိုးခင် ဆိုင်ကယ်နှစ်စီး လူလေးယောက် ဆိုင်ကယ်ဦးထုပ်တွေလည်း ဆောင်းထားတယ်။ ဆိုင်ထဲမှာလည်း လူတွေအများကြီးရှိတယ်။ သူတို့မှာက သေနတ်တွေနဲ့ဆိုတော့ ဘယ်သူမှလည်း အော်ဟစ် အကူအညီ မတောင်းရဲကြဘူး။ သူတို့ထွက်သွားမှ ရဲစခန်းဘက် လှမ်းအော်ပြီး အကူအညီတောင်းရတာ” လို့ ဒီဗီဘီကို ပြောပါတယ်။

လက်နက်ကိုင်ဆောင်ထားသူတွေက ကောင်တာအတွင်းရှိ ရွှေထည်တွေနဲ့ ဒီနေ့ရောင်းချထားတဲ့ ငွေကျပ် သိန်း ၂၀၀ ကျော် ယူဆောင်သွားတဲ့အတွက် စုစုပေါင်းတန်ဖိုး သိန်း ၁,၀၀၀ ကျော် လုယက်ခံလိုက်ရတယ်လို့ သိရပါတယ်။

ဓားပြတိုက် လုယက်ခံရတဲ့ ရွှေဆိုင်အနီး ရဲစခန်းက လုယက်ခံရပြီး မကြာခင် ရောက်ရှိလာပြီး ဆိုင်အတွင်းရှိ ဝန်ထမ်းတွေနဲ့ ဘေးပတ်ဝန်းကျင်မှ ဈေးရောင်းချသူတွေကို စစ်ဆေးနေပြီး CCTV မှတ်တမ်းတွေလည်း စစ်ဆေးနေတယ်လို့ အဲ့ဒီရပ်ကွက်အတွင်း နေထိုင်သူတွေထံက သိရပါတယ်။

မန္တလေးမြို့အတွင်း မကြာခဏဆိုသလို ဓားပြတိုက်မှုတွေ ဖြစ်ပွားနေပြီး မတ်လ ၂၇ ရက်ကလည်း စိန်ကျော်မိုးရွှေဆိုင် ဓားပြတိုက်ခံရပြီး တရားခံနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

2 weeks Ago
Up