close

ပြည်ခိုင်ဖြိုးပါတီဝင်

close

October 25, 2021

ပေါင်းတည်တွင် ပြည်ခိုင်ဖြိုးပါတီဝင် ရှေ့နေ ၁ ဦး ပစ်ခတ်ခံရ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ နွယ်ချို ၁ ရပ်ကွက်၊ အရှေ့လမ်းပေါ် ၁၇ လမ်းထိပ်မှာ အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၈ နာရီခွဲလောက်က ပြည်ခိုင်ဖြိုးပါတီဝင် ရှေ့နေ ၁ ဦး ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။

ပေါင်းတည်ဒေသခံတဦးက ''ရှေ့နေ မျိုးမင်းဇော်က ဆိုင်ကယ်စီးလာပြီး အပစ်ခံလိုက်ရတာ။ ပြည်ခိုင်ဖြိုးပါတီဝင်၊ အခု ပျူစောထီးအဖွဲ့ ပေါ်လာတော့ အဲ့အဖွဲ့မှာလည်း အဖွဲ့ဝင်လုပ်တယ်။ ဆိုင်ကယ်စီးလာပြီး အပစ်ခံလိုက်ရတာ။ အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းပေးဒလန်အစစ်ပါဗျာ'' လို့ ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ကိုမျိုးမင်းဇော်ဟာ နောက်ကျောမှာ ကျည်ဆန်ထိမှန်ပြီး အသက်အန္တရယ် စိုးရိမ်ရတဲ့အတွက် ပေါင်းတည်ပြည်သူ့ဆေးရုံကနေ ပြည်ဆေးရုံကို အတွင်းလူနာအဖြစ် ပြောင်းရွှေ့ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

''ကျနော်တို့ ရဲဘော်တွေရဲ့လက်ချက်ဆိုတာ မှန်ပါတယ်။ နောက်လည်းပဲ စစ်ကောင်စီသတင်းပေးဒလန်တွေ သတိထားနေကြပါ'' လို့ PPDF အဖွဲ့ရဲ့ တာဝန်ရှိသူက အတည်ပြုပြောပါတယ်။

ပေါင်းတည်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သတင်းပေးဒလန်တွေ မကြာခဏဆိုသလို တိုက်ခိုက်ခံနေကြရပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး  ၁၃ ဦးလည်း ရာထူးကနေ နုတ်ထွက်ထားတာလည်း ဖြစ်ပါတယ်။

1 min Ago

October 18, 2021

တောင်ငူတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁ ဦး ပစ်သတ်ခံရ၊ Mytel တာဝါတိုင်ကို မီးရှို့ဖျက်ဆီး

ပဲခူးတိုင်း တောင်ငူမြို့နယ်မှာ အောက်တိုဘာလ ၁၈ ရက်မနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီဝင် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရပြီး စစ်တပ်ပိုင် Mytel တာဝါတိုင်ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။

ပစ်သတ်ခံရသူမှာ အုတ်ကျွတ်တန်းရပ်ကွက်၊  ၁၀ လမ်းမှာ နေတဲ့ ဦးမောင်မောင်စိုး ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတဦးက ''မောင်မောင်စိုးက စစ်တပ်အာဏာသိမ်းပြီးကတည်းက ထောင်ထောင်ထောင်ထောင်လုပ်နေတာ။ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်လေ။ ရပ်ကွက်ထဲမှာလည်း စစ်ကောင်စီကခန့်တဲ့ ရာအိမ်မှူးလုပ်နေတာ။ ဒီနေ့မနက် ၇ နာရီဝန်းကျင်လောက်က အသတ်ခံရ တာပေါ့'' လို့ပြောပါတယ်။

သေဆုံးသူ ဦးမောင်မောင်စိုး ဆိုသူမှာ ရန်ကုန်-မန္တလေးလမ်းကားဟောင်း၊ ပန်းစွယ်တော်ဟိုတယ်နားမှာ သေနတ်နဲ့ပစ်သတ်ခံရပြီး ဦးခေါင်းမှာ ၂ ချက်နဲ့ ဝမ်းဗိုက်မှာ ၃ ချက် ကျည်ဆံထိမှန်ကာ နေရာမှာတင်သေဆုံးသွားပြီး ရင်ခွဲရုံကိုသယ်ဆောင်သွားပြီလို့ ဆက်လက်ရှင်းပြ ပါတယ်။

ဦးမောင်မောင်စိုး ပစ်သတ်ခံရတဲ့နေရာကို စစ်ကောင်စီတပ်သား အများအပြားရောက်လာပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းနေတယ်လို့ မျက်မြင်ဒေသခံတဦးက ပြောပြပါတယ်။

ဒီကနေ့မနက်စော ၅ နာရီဝန်းကျင်ကလည်း တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ခပေါင်းတိန်ရွာနားက စစ်တပ်ပိုင်  Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးခံရပြီး နာရီပိုင်းအကြာ စစ်ကောင်စီတပ်က စစ်ကား ၅ စီးနဲ့ စစ်သားတွေ ရောက်လာကာ စစ်ဆေးပြီး သေနတ်ပစ်ဖောက်တာ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တောင်ငူမြို့က ဦးမောင်မောင်စိုး အသတ်ခံရတာ၊ Mytel တာဝါတိုင်ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

1 week Ago
Up