close

ပြည်ခိုင်ဖြိုးပါတီ

close

September 7, 2021

ကြို့ပင်ကောက်တွင် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းနေအိမ် ဗုံးပေါက်ကွဲ

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်က ပြည်ခိုင်ဖြိုးပါတီ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်းရဲ့ နေအိမ်မှာ စက်တင်ဘာ ၆ ရက်နေ့ည ၇ နာရီဝန်းကျင်လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက "သူက ကြံ့ခိုင်ရေးပါတီက အမတ်လောင်းဖြစ်ပြီး နာမည်ကြီးပျူစောထီးခေါင်းဆောင်ပေါ့။ ပေါက်ကွဲမှုဖြစ်ပြီး မြို့ထဲမှာ စစ်သားတွေ သေနတ်တွေဖောက် သောင်းကျန်းနေကြတယ်" လို့ ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်းဟာ ကြို့ပင်ကောက်မြို့၊ ပန်းတင်ရပ်ကွက်၊ လမ်းသစ်တန်းလမ်းမှာနေထိုင်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတဦးဖြစ်တယ်လို့ သိရပါတယ်။

ဒီဗွီဘီက ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဦးမြင့်သိန်း ရဲ့ လက်ကိုင်ဖုန်းကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို သိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

7 mins Ago

January 9, 2021

ကျန်ရှိလွှတ်တော်သက်တမ်း နောက်ဆုံးအစည်းအဝေးခေါ်ပေးရန် ပြည်ခိုင်ဖြိုးပါတီက သမ္မတထံ စာပို့

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဖြစ်ပွားခဲ့တာတွေနဲ့ ပတ်သက်လို့ လွှတ်တော်မှာ ဆွေးနွေးနိုင်ဖို့အတွက် ကျန်နေသေးတဲ့ လွှတ်တော်သက်တမ်းမှာ နောက်ဆုံးအစည်းအဝေးခေါ်ပေးဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သမ္မတဆီ အိတ်ဖွင့်ပေးစာ ပို့လိုက်ပါတယ်။ ပါတီရဲ့ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးက ဥက္ကဋ္ဌကိုယ်စား စာပေးပို့တောင်းဆိုတာ ဖြစ်ပြီး မနေ့က သမ္မတရုံးကို ပို့လိုက်ပြီလို့ ပါတီဗဟိုကော်မတီဝင် ဦးသောင်းအေးက ပြောပါတယ်။ “မဏ္ဍိုင် ၃ ရပ်ရှိတာမှာ ၂ ပိုင်းက လုပ်ထားပြီးပြီလေ။ ခု ဥပဒေပြုရေးဖြစ်တဲ့ လွှတ်တော်လမ်းကြောင်းက လုပ်ဖို့ လိုနေပြီ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တရားမဲ့ ပြုကျင့်ခဲ့မှုတွေကို လွှတ်တော်မှာ ရှင်းပြဖို့ လိုနေပြီ” လို့ ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးစီးခဲ့ပေမယ့် အဲဒီရွေးကောက်ပွဲမှာ ဖြစ်ခဲ့တဲ့ မဲမသမာမှုတွေ၊  မဲဆန္ဒရှင်လူဦးရေစာရင်း အလွန်အမင်း ကွာဟနေတာတွေဟာ သက်သေ အထောက်အထားတွေနဲ့ နိုင်ငံအနှံ့မှာ ပေါ်ပေါက်နေတယ်လို့ ပါတီက ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။ ဒါတွေကို ပါတီအနေနဲ့ သတင်းစာ ရှင်းလင်းပွဲတွေ အကြိမ်ကြိမ်လုပ်ပြီး နိုင်ငံတကာ သံတမန်တွေ၊ သတင်းမီဒီယာတွေနဲ့ ပြည်သူအများရှေ့မှာ သက်သေအထောက်အထားတွေနဲ့တကွ ရှင်းလင်း ပြောကြားနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရဲ့ တာဝန်အရှိဆုံးဖြစ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ အခုအချိန်ထိ နိုင်ငံရေးပါတီတွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို တာဝန်ယူမှု တာဝန်ခံမှုနဲ့ ပွင့်ပွင့်လင်းလင်း ရှင်းလင်းတာမရှိသေးဘူးလို့ ဆိုပါတယ်။ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ၊ တခြားမှုခင်းတွေ မရှိစေဖို့ နိုင်ငံရေးပါတီတွေက ပူးတွဲ သဘောထားထုတ်ပြန်တာ၊ သမ္မတဆီ စာပို့တာတွေ လုပ်ခဲ့ပေမယ့် ဒါတွေကို အရေးယူ ဆောင်ရွက်ပေးတာ မရှိခဲ့ဘူးလို့လည်း ဖော်ပြထားပါတယ်။ ဦးသောင်းအေးက “ကျနော်တို့ တွေ့ထားတဲ့ ၁၈ နှစ်မပြည့်ဘဲ မဲစာရင်းမှာ ပါတာ၊ တယောက်တည်း အကြိမ်ကြိမ်ပါနေတာ ဒါတွေကို လာရှင်းစေချင်တာ။ လွှတ်တော်ထဲမှာ ဆွေးနွေးချင်တဲ့အတွက် အခြေခံဥပဒေအတိုင်း အခုလို တောင်းဆိုတာပါ” လို့ ပြောပါတယ်။ ဒီလို အခြေအနေတွေကို မဲဆန္ဒရှင်ပြည်သူတွေဆီ တရားဝင် ဖြေရှင်းအသိမပေးနိုင်ခင်မှာ လွှတ်တော်ဥက္ကဋ္ဌတွေက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို စတင်ကျင်းပဖို့ အသိပေးကြေညာခဲ့တာဟာ နိုင်ငံရေးပါတီတွေအပေါ် အပြန်အလှန် လေးစားမှုမရှိသလို နိုင်ငံတော်အာဏာကိုလည်း မရိုးဖြောင့်တဲ့နည်းနဲ့ ရယူဖို့ ဆောင်ရွက်တာ လို့လည်း ပါတီက ပေးပို့တဲ့ စာမှာ ဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်တွေကြောင့် အပြန်အလှန်ထိန်းကျောင်းရမယ့်တာဝန်ကို ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်နိုင်စေဖို့၊ လက်ရှိ လွှတ်တော်သက်တမ်းကို မှန်မှန်ကန်ကန် အဆုံးသတ်ပိတ်သိမ်းပြီး လွှတ်တော်သက်တမ်းအသစ်တခုကို ဥပဒေနဲ့အညီ ညင်ညင်သာသာ ချောချောမွေ့မွေ့ ကူးပြောင်းနိုင်ဖို့၊ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ စုပေါင်းတိုင်ပင်အဖြေဆုံးဖြတ်ကြဖို့၊ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကို ပွင့်လင်းမြင်သာစွာ ဖြေရှင်းနိုင်ရေးအတွက် သက်တမ်းကျန်နေသေးတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နောက်ဆုံး အစည်းအဝေးကို ခေါ်ယူပေးဖို့ သမ္မတကို တောင်းဆိုထားပါတယ်။
8 months Ago
Up