close

ပြည်တော်ဝင်ဖို့ ရုန်းကြစို့

close

January 30, 2022

မန္တလေးမြို့က ဆရာဂျီးမုန့်ဟင်းခါးဆိုင်ကို စစ်တပ် ဝင်စီး၊ ဆိုင်ရှင်ကို စစ်ဖိနပ်ဖြင့်နင်းပြီး ဖမ်းဆီး

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၈ လမ်း၊ လမ်း ၇၀ နဲ့ ၇၁ လမ်းကြားရှိ ဆရာဂျီး မုန့်ဟင်းခါးဆိုင်ကို ဇန်နဝါရီ ၃၀ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ဒီလို ဝင်ရောက်စီးနင်းပြီး ဆရာဂျီး မုန့်ဟင်းခါးဆိုင် ပိုင်ရှင်ဖြစ်တဲ့ ဦးအောင်ဌေးကို လက်ထိတ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ရုပ်သံဖိုင်ထဲမှာတော့ ဆိုင်ရှင်ဖြစ်သူလို့ ယူဆရ‌တဲ့ ဦးအောင်ဌေးကို လက်နဲ့ရိုက်ပြီး မှောက်လျားထိုးခိုင်း၊ စစ်ဖိနပ်နဲ့နင်းကာ လက်ထိတ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားတာ တွေ့ရပါတယ်။

အလားတူ အမျိုးသမီးတဦးကိုလည်း မှောက်ခိုင်းသလို ဆိုင်ရဲ့ အပေါ်ထပ်ကိုလည်း သေနတ်ကိုင် စစ်ကောင်စီတပ်သားတွေက တက်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အသံတိတ်သပိတ်ကို အားပေးထောက်ခံပြီး လူမှုကွန်ရက်မှာ ရေးတင်တာနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ဂုဏ်သိက္ခာကျအောင် လူမှုကွန်ရက်မှာ ရေးသားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်း ဖမ်းဆီးသွားတာလို့ သိရပါတယ်။

‘ပြည်တော်ဝင်ဖို့ ရုန်းကြစို့’ဆိုတဲ့ အသံတိတ် အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ပြုလုပ်မှာဖြစ်ပါတယ်။

ဒီလို အသံတိတ်လှုပ်ရှားမှုမှာ ပါဝင်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ ဆိုင်ပိတ်မယ့်အကြောင်း လူမှုကွန်ရက်မှာ ရေးတင်တဲ့ ဆိုင်တချို့ကို စစ်ကောင်စီတပ်တွေက အကြမ်းဖက် မတရား ဝင်ရောက် ဖမ်းဆီးတာနဲ့ ဆိုင်တွေကို ချိပ်ပိတ်တာတွေ လုပ်နေပါတယ်။

2 days Ago

January 23, 2022

စစ်အာဏာသိမ်း ၁ နှစ်ပြည့် အသံတိတ်သပိတ်ဖြင့် ဆန္ဒပြမည်

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်မြောက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တနိုင်ငံလုံးအနှံ့ အသံတိတ်သပိတ် ပြုလုပ်ဖို့ လှုံ့ဆော်လှုပ်ရှားမှုတွေ ရှိနေပါတယ်။  

“ပြည်တော်ဝင်ဖို့ ရုန်းကြစို့” လို့အမည်ပေးထားပြီး ပြည်သူတွေရဲ့ အကျယ်လောင်ဆုံးအသံကို ကြားစေဖို့အတွက် ဖေဖော်ဝါရီ ၁ ရက် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ အသံတိတ်သပိတ်ကိုပြုလုပ်ဖို့ နှိုးဆော်ထားပါတယ်။ 

အသံတိတ်သပိတ် ပြုလုပ်တဲ့နေ့မှာ အိမ်ထဲမှာပဲနေရင်းနဲ့ စစ်အာဏာသိမ်းမှုကာလအတွင်း ကျဆုံးသွားတဲ့သူတွေ၊ ဖမ်းဆီးခံရပြီး အကျဉ်းထောင်ထဲရောက်နေတဲ့သူတွေအတွက် ကောင်းမှုကုသိုလ်ပြုလုပ်တာတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားသလို တော်လှန်ရေးအတွက် PDF တွေ ရန်ပုံငွေများများရအောင် Click များများလုပ်ကြဖို့လည်း နှိုးဆော်ထားပါတယ်။ 

သပိတ်ပြီးဆုံးတဲ့အချိန် ညနေ ၄ နာရီတိတိမှာတော့ လက်ခုပ်သံတီး ဂုဏ်ပြုကြဖို့လည်း ကမ်ပိန်းဦးဆောင်သူတွေက ပြောဆိုထားပါတယ်။ 

စစ်အာဏာသိမ်းမှု တစ်နှစ်အတွင်း ဇန်နဝါရီ ၂၁ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၁၅၀၀ နီးပါး ကျဆုံးခဲ့ပြီး လူပေါင်းတစ်သောင်းကျော် ဖမ်းဆီးခံနေရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ  (AAPP)  က ထုတ်ပြန်ထားပါတယ်။

1 week Ago
Up