ပြီးခဲ့တဲ့ ၃ လကျော်ကာလအတွင်း ကုမ္ပဏီမှတ်ပုံတင် စာရင်းကနေ ပယ်ဖျက်ခြင်းခံရတဲ့ ကုမ္ပဏီအရေအတွက် ၁၀၀၀ လောက်ရှိပြီလို့ စစ်ကောင်စီ လက်အောက်ခံ ရင်းနှီးမြှပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရဲ့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။
ဇူလိုင်လမှာ ကုမ္ပဏီ ၃၀၀၊ ဩဂုတ်လမှာ ကုမ္ပဏီ ၂၀၀ ၊ စက်တင်ဘာလအတွင်း ကုမ္ပဏီ ၃၀၀ ပယ်ဖျက်ခံရပြီး အခုအောက်တိုဘာလမကုန်ခင်မှာဘဲ နောက်ထပ် ကုမ္ပဏီ ၂၀၀ တို့ မှတ်ပုံတင်စာရင်းက ပယ်ဖျက်ခဲ့တာပါ။
နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြဖို့ပျက်ကွက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ မှတ်ပုံတင်စာရင်းက ပယ်ဖျက်(Struck Off) လိုက်တာလို့ အဆိုပါဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေမှာ သတ်မှတ်ကာလအတွင်း နှစ်စဉ်အစီရင်ခံစာ တင်ပြဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီတွေကို မှတ်ပုံတင်စာရင်းက ပယ်ဖျက်သွားမည်လို့ ပြဋ္ဌာန်းထားပြီး၊ ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီတွေဟာ မိမိ ကုမ္ပဏီကို ဆက်လက်အသက်သွင်းလိုပါက တရားရုံးကို ဦးတိုက်လျှောက်ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းက မြန်မာနိုင်ငံသားပိုင်လုပ်ငန်းတွေအပြင် နိုင်ငံခြားသားရင်းနှီးမြှပ်နှံမှုနဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းတွေပါ စီးပွားရေးလုပ်ကိုင်ရ ခက်တဲ့အနေအထားကြောင့် လုပ်ငန်း ရပ်ဆိုင်းရတာတွေ ရှိနေပါတယ်။
ကမ္ဘာ့ဘဏ်ကနောက်ဆုံး ထုတ်ပြန်ထားတဲ့ COVID-19 Firm Survey Round - 8 စစ်တမ်းမှာတော့ စစ်အာဏာရှင်လက်ထက် ဇွန် ၊ဇူလှိုင်၊ သြဂုတ် ၃လအတွင်း လုပ်ငန်းလည်ပတ်မှု ယာယီရပ်ဆိုင်းရတဲ့ စီးပွားရေး လုပ်ငန်းအရေအတွက်ဟာ ၄ ဆအထိမြင့်တက်လာတယ်လို့ ဆိုထားပါတယ်။
PHOTO- DICA
DICA ဆိုင်းပုဒ်ပုံနဲ့ တင်ရန်
စစ်ကောင်စီအကြမ်းဖက်အဖွဲ့ဟာ ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတွေကဆီကနေ အခွန်ငွေကျပ်သိန်း ၄၀၀၀၀ နီးပါး ရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံဘဏ္ဍာနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း အခွန်ဘဏ္ဍာငွေတွေ မရရှိဖို့ အမျိုးသားညီညွတ်ရေးအစိုးရက တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မူဝါဒတွေချမှတ်ပြီး ပိတ်ဆို့ ဖြတ်တောက်မှုတွေ ပြုလုပ်ထားနိုင်ခဲ့တယ်လို့ စီမံကိန်း၊ဘဏ္ဍာနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးကပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီက ပြည်တွင်းလုပ်ငန်းရှင်တွေဆီကနေ အခုဘဏ္ဍာနှစ်မှာ အခွန်ငွေ ကျပ်သိန်း ၄၀၀၀၀ နီးပါးရရှိထားတယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စီမံကိန်း၊ဘဏ္ဍာနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်စစ်ကောင်စီဆီကို ဝင်ငွေမရရှိဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝင်ငွေစီးဆင်းလည်ပတ်နိုင်ဖို့ဆိုတဲ့ မူဝါဒ ၂ ရပ်နဲ့ ဖော်ဆောင်လုပ်ကိုင်နေတယ်လို့လည်း ပြောဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူတွေဆီကနေ အခွန်ငွေ ရရှိအောင် လက်နက်အားကိုး အကြမ်းဖက်ပြီး ခြိမ်းခြောက်ကောက်ခံမှုတွေကြောင့် ပြည်သူတွေ အခွန်ဆောင်နေရတယ်ဆိုတာကို သိရှိနားလည်ပေမယ့် စစ်ကောင်စီက အစိုးရမဟုတ်ဘူးဆိုတာကိုလည်း ပြည်သူ နားလည်ဖို့လိုတယ်လို့ ဒုဝန်ကြီးက ပြောဆိုပါတယ်။
လက်တလော အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာက လက်ခံနိုင်အောင်ကြိုးစားလုပ်ဆောင်နေပြီး အမေရိကန်အစိုးရက ထိန်းသိမ်းထားတဲ့ အမေရိကန် ၁ ဘီလီယံ ပြန်လည်ရရှိရေးကိုလည်းကြိုးစားဆောင်ရွက်နေတယ်လို့ စီမံကိန်း၊ဘဏ္ဍာနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒုတိယဝန်ကြီးက ပြောပါတယ်။
အခုအချိန်က တော်လှန်ရေးကာလဖြစ်နေတာကြောင့် တစ်ဖက်ရန်သူအနေနဲ့ သတင်းအချက်အလက်တွေ မသိအောင် လုပ်ဆောင်နေရတာတွေရှိတာကြောင့် ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ လုပ်ဆောင်နေတဲ့လုပ်ငန်းစဉ်အားလုံးကို ချပြမပေးနိုင်သေးတာကို နားလည်ပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေကို အချိန်ကာလတစ်ခုမှာ ပြည်သူတွေကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြသွားမှာဖြစ်တယ်လို့ ဒုဝန်ကြီး ဦးမင်းဇေယျာဦးက ပြောပါတယ်။